Full article

ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်ထားသည့် ဆူဇူကီးပစ်ကပ်ကားများကိုဇွန်လတွင် စတင်ရောင်းချရန် စီစဉ် ထားကြောင်း Myanmar Suzuki Motor Co,ltd အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်းဦးက ပြောကြားသည်။

SAF SAF 2010

ယခုလကုန်တွင် တပ်ဆင်ထုတ်လုပ်မည် ဖြစ်သော်လည်း ရောင်းချမည့်အစီအစဉ်နှင့် ဈေးနှုန်းသတ်မှတ်ရန် ဈေးကွက်စစ်တမ်းကောက်ခြင်းများ ပြုလုပ်ရမည်ဖြစ်သောကြောင့် ဇွန်လတွင်မှစတင်ရောင်းချရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"ထုတ်လုပ်ပြီးတာနဲ့တန်းရောင်းမှာပါ။ ဈေးကတော့အခုပြောလို့မရသေးဘူး။ ဈေးကွက်အနေအထားကြည့်ပြီးမှ သတ်မှတ်ရမှာမို့လို့ပါ" ဟု ဦးရဲထွန်းဦးကပြောသည်။

လောလောဆယ် ဆူဇူကီးပစ်ကပ်ကားများကိုသာ ရောင်းချသွားမည်ဖြစ်ပြီး လစဉ်ထုတ်လုပ်မည့်အရေအတွက် မှာလည်း ဈေးကွက်အနေအထားကိုမူတည်ပြီး ဆက်လက်ထုတ်လုပ်သွားမည်ဟုဆိုသည်။

လက်ရှိပြင်ပ မော်တော်ယာဉ်ဝယ်ရောင်းဈေးကွက်တွင် ဆူဇူကီးပစ်ကပ်နှင့်အလားတူသည့် ဂျပန်တစ်ပတ်ရစ်ကား တစ်စီးလျှင် ကျပ်သိန်း (၇ဝ)ခန့်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းအဆိုပါဈေးကွက်အတွင်းမှသိရှိရသည်။

ဆူဇူးကီးကုမ္ပကီသည် ၁၉၉၉ မှ၂ဝ၁ဝပြည့်နှစ်အထိ ဆူဇူကီးပစ်ကပ်၊ Wagon(R+)မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ရောင်းချခဲ့ဖူးသည်။

ပြည်တွင်း၌တစ်လလျှင် မော်တော်ယာဉ်စီးရေ ၁ဝဝ ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်လုပ်ကိုင်ရန် မြန်မာရင်နှီးမြှုပ်နှံမှုကော်မရှင်က Myanmar Suzuki Motor ကုမ္ပဏီကို ဇန်နဝါရီတွင် ခွင့်ပြုခဲ့သည်။

အိန္ဒိယကားကုမ္ပဏီ TATA ကလည်း ၄င်း၏ဈေးသက်သာသော Nano ယာဉ်များကို Apex Greatest Industrial နှင့်ချိတ်ဆက်၍ ပြည်တွင်း၌ရောင်းချမည်ဖြစ်ပြီး အဆိုပါယာဉ်များမှာ ဆိပ်ကမ်းမှထုတ်ယူပြီး ဖြစ် သော်လည်း ရောင်းချမည့်အချိန်နှင့် ဈေးနှုန်းကို ထုတ်ဖော်ပြောဆိုခြင်းမပြုသေးပေ။

ကိုရီးယားနိုင်ငံမှ နာမည်ကြီး KIA ကားကုမ္ပဏီကလည်း အရောင်းပြခန်းကို ကမ္ဘာအေးဘုရားလမ်း Micasa Hotel အနီးတွင် မေလကုန်ပိုင်းတွင်စတင်ဖွင့်လှစ်ကာ ယာဉ်အသစ်များကို ရောင်းချမည်ဖြစ်ကြောင်း Super Seven Star Motor Industry မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ အမေရိကန်Ford ကလည်းCapital Automotive ကုမ္ပဏီနှင့်ပူးပေါင်း၍ ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချရန်စီစဉ်ထားသည်။


![the_voice](/redline/content/images/2013/04/the_voice.gif)

The Voice Daily မှ ကူးယူဖော်ပြသည်။

Photo credits to freakyman

Author

Comments