Full article

ရန်ကုန်၊ မေ ၁ဝ (The Voice Sunday)

ရန်ကုန်မြို့တော်တွင် မောင်းနှင်လျက်ရှိသော မော်တော်ယာဉ်များအနေနှင့် လမ်းပြောင်းပြန်နှင့် မီးနီဖြတ်မောင်းပါက သတ်မှတ်ထားသော ဒဏ်ကြေးငွေများအပြင် လိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ (နှစ်အကန့်အသတ်ဖြင့်) ပိတ်သိမ်းရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ညှိနှိုင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

traffic-signal-ahead-500x383

မော်တော်ယာဉ်များအနေနှင့် မီးနီဖြတ်မောင်းခြင်း၊ ကွေ့ကြောကိုအတည့်ထွက်ခြင်း၊ နှစ်ထပ်ရပ်ခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်းများကို ဒဏ်ငွေကျပ်၁၅ဝဝ ပေးဆောင်ရပြီး ယခုအခါ စည်းကမ်းတင်းကျပ်သည့်အနေနှင့် ယာဉ်မောင်းလိုင်စင်ကို တစ်နှစ်မှလေးနှစ်အထိ ပိတ်သိမ်းအရေးယူနိုင်ရေးနှင့် ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းသော ကာလအတွင်းဆက်လက်မောင်းနှင်ပါက ထောင်ဒဏ်တစ်လအထိ ချမှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ယာဉ်မောင်းတွေက ဒဏ်ငွေ၁၅ဝဝ လောက်ကို မမှုတော့ဘဲ လမ်းစည်းကမ်းချိုးဖောက်မှုတွေ ပိုများလာလို့ အခုလို စည်းကမ်းတင်းကျပ်ဖို့ လုပ်ထာပါ။ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်သွားမှာပါ ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များကို အရေးယူရာတွင် မူဝါဒအတိုင်းတစ်ပြေးညီဖြစ်စေချင်ပြီး ယာဉ်ကြောပိတ်ဆို့သောနေရာတွင် ယာဉ်ထိန်းရဲများကို ချထားပေးစေလိုကြောင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် အသက် ၆၅နှစ်အရွယ် အငှားယာဉ်မောင်း ဦးမောင်မောင်ကပြောကြားသည်။

The Voice Sunday, May 11, 2014 မှ ကူးယူဖော်ပြသည်။

Author