ရန်ကုန်ဆင်ခြေဖုံး ၆ မြို့နယ်တွင် ဆိုင်ကယ် စီးနင်းခွင့်ပြုရန် အဆို ကန့်ကွက်ပယ်ချခံရ

0

Full article

ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များ ဖြစ်သော ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် မြို့နယ်များတွင် တိကျသည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် မော်တော်ဆိုင်ကယ်များကို စီးနင်းခွင့်ပြုပါရန် အဆိုမှာ ကန့်ကွက်သူများသဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့၌ ပြည်သူ့လွတ်တော်မှ ပယ်ချလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်တင်သွင်းခဲ့သည့် အဆိုမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် ၆ မြို့နယ်တွင် တိကျသည့် နယ်နိမိတ်သတ်မှတ်ချက်၊ တိကျသည့် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်၍ တရားဝင်မှတ်ပုံတင်စေပြီး အချိန်ကာလတစ်ခုအထိ ရည်ရွယ်ကာ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်ပြထားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဆင်ခြေဖုံးဒေသများတွင် ဆိုင်ကယ်စီးနင်းခွင့်ပြုရန်အဆိုကို တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ကန့်ကွက်ခဲ့ပြီး ကန့်ကွက်သူပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သည့် အဆိုတစ်ခုမဟုတ်ပါဘဲ ရန်ကုန်တိုင်းလွှတ်တော်ကိုသာ တင်သွင်းသင့်သည့် အဆိုတစ်ရပ်ဖြစ်ကြောင်း၊ အကယ်၍ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမည်ဆိုပါကလည်း အဆိုအဖြစ်တင်သွင်းရန် မသင့်လျှော်ဘဲ မေးခွန်းအဆင့်သာ မေးမြန်းရန်သင့်တော်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဤအဆိုကိုကန့်ကွက်ပါကြောင်း တင်ပြခဲ့သည်။

အဆိုကိုကန့်ကွက်အပြီး တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းက "ဖွဲ့စည်ပုံအခြေခံ ဥပဒေ ဇယား ၂ မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းသာသွားလာသည့် ပုဂ္ဂလိက ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးလို့ ပြဋ္ဌာန်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ/မညီ ကိစ္စက အဆိုတင်သွင်းတဲ့နေရာမှာ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉ မှာ ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့ အတွက် ဥက္ကဋ္ဌကြီးအနေနဲ့ အဆုံးအဖြတ်ပေးဖို့ တင်ပြအပ်ပါတယ်" ဟု တင်ပြပြောဆိုခဲ့သည်။

ရန်ကုန်ဆင်ခြေဖုံးဒေသများတွင် ဆိုင်ကယ်စီးနင်းခွင့်ပြုရန်အဆိုအား အတည်ပြုဆွေးနွေးရန် သင့်/ မသင့်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ စက်ခလုတ်နှိ်ပ် မဲခွဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံဆန္ဒမဲ ၅ဝ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂၆၅ မဲနှင့် ကြားနေမဲ ၃ မဲ ရရှိ ခဲ့သည်။ ကန့်ကွက်သူများ၍ အဆိုကို လွှတ်တော်မှ လက်ခံဆွေးနွေးရန်မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

Author

Comments