ရန်ကုန်မြို့တွင် အရှိန်မြှင့်မောင်းနှင်သောပြိုင်ကားများကို ပိုမိုထိရောက်သော ဒဏ်ငွေနှင့် လူလိုင်စင်၊ ယာဉ်လိုင်စင်များ ပိတ်သိမ်းသည်အထိ ထိရောက်စွာအရေးယူရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှို်င်းသွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညအချိ်န် ဆူညံစွာ အရှိန်မြှင့်မောင်းနှင်သည့် ပြိုင်ကားများကို ပိုမိုထိရောက်သော ဒဏ်ငွေနှင့် လူလိုင်စင်၊ ယာဉ်လိုင်စင်များ ပိတ်သိမ်းသည်အထိ ထိရောက်စွာအရေးယူရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှို်င်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ယနေ့ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

ညအချိန်တွင် ပြိုင်ကားများ အရှိန်မြင့် ဆူညံစွာမောင်းနှင်မှုများကြောင့် ပြည်သူများ အထိတ်တလန့် စိတ်အနှောင့်အယှက်ဖြစ်နေရပြီး လမ်းအသုံးပြုသူများလည်း အသက်အန္တရာယ်များသဖြင့် ထိထိရောက်ရောက် အရေးယူတားမြစ်သွားရန် အစီအစဉ်ရှိ်/မရှိကို သိရှိလိုကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏မေးမြန်းမှုကို ရန်ကုန်တိုင်းလျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြန်လည်ဖြေဆိုပြောကြားသွားခဲ့ခြင်းဖြစ်၏။

"ညအချိန် အရှိန်မြင့်ဆူညံစွာ မောင်းနှင်တဲ့ပြိုင်ကားတွေကို ယာဉ်စစ်ပိတ်ဆို့ရှာဖွေခြင်း၊ အရေးယူခြင်းတွေကို ဆောင်ရွက်နေပါတယ်။ သို့သော်လည်း လက်ရှိ ရှိနေတဲ့ မော်တော်ယာဉ် ဥပဒေအရ အရေးယူဆောင်ရွက်နေရတာဖြစ်တဲ့အတွက် ပိုပြီးထိရောက်တဲ့ ဒဏ်ငွေနဲ့ လူလိုင်စင်၊ ယာဉ်လိုင်စင်တွေ ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်ခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားခဲ့သည်။

၂ဝ၁၆ ခုနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်ရှိ လေဆိပ်ဝင်းတွင် အရှိန်မြှင့် ဆူညံစွာမောင်းနှင်သော ပြိုင်ကား (၈) စီးအား ၂ဝ၁၅ မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈ (က) ဖြင့် အရေးယူခဲ့ပါကြောင်း၊ ၂ဝ၁၇ ခုနှစ်အတွင်း မရမ်းကုန်းမြို့နယ်တွင် ပါဝါ အိတ်ဇောတပ်မောင်းနှင်သည့် Mark-II မော်တော်ယာဉ်အား ၂ဝ၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၁ အရ အရေးယူခဲ့ပါကြောင်း၊ ၂၉၊ ၆၊ ၂ဝ၁၈ တွင် Mark-II ယာဉ်နှင့် Fairlady ယာဉ် (၂) စီးမှာ ဒဂုံမြို့နယ်၊ ဦးဝိစာရအဝိုင်းနှင့် ကျောက်တံတားမြို့နယ် ဆူးလေဘုရားပတ်လမ်းတို့တွင် မော်တော်ယာဉ်အား အရှိန်မြှင့်မောင်းနှင်ခြင်းနှင့်  drift ဆွဲခြင်းများပြုလုပ်သဖြင့် ၂ဝ၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈ (က) အရ ဖမ်းဆီးအရေးယူခဲ့ပါကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ဆက်လက်ပြောကြားသွားခဲ့သည်။

Author