အဲယားကွန်းမဖွင့်သော YBS ကားများနှင့် သတ်မှတ် မှတ်တိုင်မရောက်ဘဲ စည်းကမ်းဖောက်ဖျက်သော YBS ကားများကို ထိရောက်စွာ အရေးယူပေးရန်လို

0

Full article

ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် YBS ကားများတွင် အဲယားကွန်းမဖွင့်သော ကားများနှင့် သတ်မှတ် မှတ်တိုင်မရောက်ဘဲ စည်းကမ်းဖောက်ဖျက်သော YBS ကားများကို ထိရောက်စွာ စစ်ဆေးအရေးယူပေးရန် လုပ်ဆောင်သင့်ကြောင်း YBS စီးနင်းသူ ခရီးသွားပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။

ရန်ကုန်မြို့၏အပူချိန်မှာ ယခုလပိုင်းတွင် သိသာစွာမြင့်တက်လာခဲ့ရာ ခရီးသည်တင် YBS ကားများမှာ အဲယားကွန်းဖွင့်၍ ခရီးသည်များ သက်သောင့်သက်သာစီးနင်းနိုင်ရန် ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများ ရှိသော်လည်း အချို့သော စီးတီးဘတ်စ်၊ မီနီဘတ်စ်ကားများမှာ အဲယားကွန်းမရှိဘဲ ဘေးတံခါးများ ပိတ်၍ မောင်းနှင်နေမှုများနှင့် YRTA က သတ်မှတ်ထားသောမှတ်တိုင်အထိ မပြေးဆွဲသောကားများ၊ လမ်းပြောင်းပြန်မောင်းနှင်သော စည်းကမ်းဖောက်ဖျက် YBS ကားများကိုထိရောက်စွာစစ်ဆေးအရေးယူပေးရန် လုပ်ဆောင်သင့်ကြောင်း ခရီးသည်များက ပြောဆိုနေကြခြင်းဖြစ်သည်။

"နေက အရမ်းပူနေတဲ့အချိန် အဲယားကွန်းပါပေမယ့် မဖွင့်တဲ့ကားတွေ အခုနောက်ပိုင်းတော်တော်လေး များလာတယ်။ YBS စနစ်က တစ်ခြားဟာတွေ ပြင်လာတယ်။ ဒါပေမယ့် တစ်ကယ့်ဖြစ်နေတဲ့ အခက်အခဲတွေကို ထိရောက်အောင်မလုပ်ဆောင်နိုင်သေးဘူး။ သတ်မှတ်ထားတဲ့မှတ်တိုင်အထိ မရောက်ဘဲ ပြန်လှည့်တဲ့ကားတွေလည်းရှိနေတယ်။ ယုဇနပလာဇာမီးပွိုင့်မှာဆိုရင် လမ်းပြောင်းပြန်မောင်းနှင်တဲ့ကားတွေတောင်ရှိတယ်။ ဒီလိုမျိုး စည်းကမ်းဖောက်တဲ့ ကားတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်။ ရာသီဥတုက အရမ်းပူရတဲ့ကြားထဲ မှန်တွေပိတ်ထားပြီး အဲယားကွန်းကလည်း မဖွင့်တော့ လုံးဝအဆင်မပြေဘူး။ အရေးယူမယ်လို့ ပြောတာကလည်း ကြားရတာ ရိုးနေပြီ။ တကယ်လည်း ထိထိရောက်ရောက်မလုပ်ကြဘူး။" ဟု အင်းစိန်မြို့နယ်မှ ဆူးလေသို့ နေ့စဉ်သွားလာနေသူ ကုမ္ပဏီ ဝန်ထမ်း ဒေါ်မာမာအောင်က ပြောသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေလျက်ရှိသည့် ခရီးသည်တင်ယာဉ်လိုင်း ပေါင်း ၁ဝဝ ခန့်ရှိလာရာ ကားအစီးရေ ၆ ထောင်ကျော်ဖြင့် နေ့စဉ်ပြေးဆွဲပေးနေပြီး YBS ယာဉ်လိုင်းများတွင် မိုဒယ်မြင့် ကုမ္ပဏီကားများနှင့် ခရီးသည်များကို ဝန်ဆောင်မှုအပြည့်အဝ မပေးနိုင်သော တစ်ဦးချင်းပိုင် မီနီဘတ်စ်ကားများ ပြေးဆွဲပေးလျက်ရှိနေသည်။

Author