CNG ဆိုင်အချို့အား မြို့အပြင်သို့ ပြောင်း‌ရွှေ့ဖွင့်လှစ်မည်

0

Full article

CNG ဆိုင်အချို့အား မြို့အပြင်သို့ ပြောင်း‌ရွှေ့ဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့များထံသို့တင်ပြထားပြီး မြေနေရာရရှိရန် ဦးစွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဥ်သုံးသဘာဝဓါတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောကြားခဲ့သည်။

“မြို့ထဲမှာ ဘတ်စ်ကားကြီးတွေ CNG ဖြည့်နေတယ်ဆိုတာ တကယ်တော့ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဟိုတုန်းက မဟာဗျူဟာ မှားခဲ့တဲ့သဘောပါ။ ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုရင် ကျွန်တော်တို့ YRTA နဲ့ YBS ကုမ္ပဏီတွေ မြေကွက်တွေရှာရမယ်။ ပြီးရင် ဒီ Terminal တွေမှာပဲ ဒီဘက်မှာသက်ရောက်မှုသိပ်မဖြစ်တဲ့ဆိုင်တွေကို ဆိုင်ပြောင်းရွှေ့စရိတ်လောက်ပဲအသုံးပြုခြင်းဖြင့် ကျွန်တော်တို့ YBS Terminal တွေ မြို့ပြင်မှာဖြစ်သွားပြီဆိုရင် မြို့ထဲမှာရှိနေတဲ့ဆိုင်တွေမှာ YBS ကားတွေ တန်းစီမှု ပပျောက်သွားမှာပါ။ ဆိုင်တစ်ဆိုင်ကို ရွှေ့တော့မယ်ဆိုတာနဲ့ မြေနေရာလိုအပ်ပါတယ်။ အဲဒီမြေနေရာကိုအပိုင် ရ ရမယ်။ မြေနေရာအပိုင်ရလို့ရှိရင် အဲဒီမြေနေရာကို လုံလောက်လုံခြုံတဲ့ဝင်းခတ်ပြီးပြီဆိုမှ ကျွန်တော်တို့ဘက်ဂျက်တင်ပြီး ဆိုင်ပြောင်းလို့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရော ပြည်ထောင်စုအစိုးရအဖွဲ့ကိုရော ဖြစ်နိုင်‌ခြေတွေ တင်ပြထားပြီးသားပါ။ YRTA နဲ့ YBS ကုမ္ပဏီတွေမြေနေရာရရှိရေး ပထမဆောင်ရွက်ရပါမယ်။”

ဟု မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဥ်သုံးသဘာဝဓါတ်ငွေ့ဌာန၊ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက YRTA ၏ မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဓါတ်ငွေ့သုံးမော်တော်ယာဥ်များ မြန်ဆန်စွာဓါတ်ငွေ့ဖြည့်တင်းနိုင်ရန် CNG အရောင်းဆိုင် (၄၁) ဆိုင်ရှိရာ၌ တည်နေရာကပ်လျက်တည်ရှိ‌သော ဓါတ်ငွေ့ရောင်းချရာတွင် အကျိုးဖြစ်ထွန်းမှုနည်းပါးသည့် အလုံ (၃) CNG အရောင်းဆိုင်အမှတ် (၀၂၉) နှင့် ဒဂုံအရှေ့ (၂) CNG အရောင်းဆိုင်အမှတ် (၀၂၃) တို့ကို YBS ယာဥ်လိုင်းများ၏ Terminal ရှိနေရာများသို့ ပြောင်းရွှေ့တည်ဆောက်ရန် ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၅/၂၀၁၉) နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြထားကြောင်းသိရသည်။

Author