မကြာမီစတင်တော့မည့် မြို့တွင်း ၆ မြို့နယ် Smart Parking ကဒ်စနစ် ယာဉ်ရပ်နားခ ကောက်ခံမှု

0

Full article

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်ရပ်နားခများ ကောက်ခံမှုအား လုပ်ငန်းစနစ် အဆင်သင့်မဖြစ်သေး၍ ဆိုင်းငံ့ထားရှိရာ မကြာခင် ၆ မြို့နယ်၌ Smart  Parking ကဒ် စနစ်ကျင့်သုံး၍ ယာဉ်ရပ်နားခများကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ သိရသည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်ရပ်နားခကောက်ခံရန် အောက်တိုဘာလ ၁ ရက်မှစတင်၍ ကောက်ခံသွားမည်ဟု အသိပေးကြေညာခဲ့သော်လည်း အဆင်သင့်မဖြစ်သေး၍ ပုဂ္ဂလိကကုမ္ပဏီများနှင့်ပူးပေါင်းကာ Smart ကားပါကင်လုပ်ငန်း ယာဉ်ရပ်နားခကောက်ခံရန် တင်ဒါပြန်လည်ခေါ်ယူမှုများလုပ်ဆောင်၍ မျဉ်းဝါပါကင်များရေးဆွဲပြီး ယာဉ်တစ်စီးလျှင် တစ်နာရီ ၂ဝဝ ကျပ်နှုန်း ကောက်ခံသွားရန်ရှိနေသည်။

"ကားပါကင်အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ လမ်းမကြီးများတွေမှာ လမ်းနယ်နိမိတ်တိုးချဲ့ပြီး ယာဉ်ရပ်နားနေရာတွေ တည်ဆောက်ပေးနေတာရှိတယ်။ မြို့တွင်းမြို့နယ်တွေမှာ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး Smart ကားပါကင်လုပ်ငန်းဆောင်ရွက်ဖို့ စီစဉ်နေပါတယ်" ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ ပြည်သူ့လွှတ်တော်၌ ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ကန့်သတ်ဇုန် ယာဉ်ရပ်နားခကောက်ခံရန် တင်ဒါခေါ်ယူထားသော်လည်း တင်ဒါအောင်မြင်သူမရှိသေး၍ ခေတ္တရပ်ဆိုင်းထားခြင်းသာဖြစ်ပြီး ယာဉ်ရပ်နားခကောက်ခံရန် အဌားချထားခြင်းလုပ်ငန်းအတွက် ယာဉ်ရပ်နားကန့်သတ်ဇုန်များအား တင်ဒါပြန်လည်ခေါ်ယူမည်ဖြစ်သဖြင့် စုစုပေါင်း ဇုန် ၅ ဇုန်တွင် ယာဉ်ရပ်နားခကောက်ခံရန် အဌားချထားခြင်းလုပ်ငန်း ဈေးပြိုင်တင်သွင်းနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာထားသည်။

"မြို့တွင်း ၆ မြို့နယ်မှာ ယာဉ်ရပ်နားကောက်တဲ့ အစီအစဉ်ဖျက်သိမ်းတယ် ဆိုတာမဟုတ်ပါဘူး။ Smart Parking ကဒ်စနစ်နဲ့ လုပ်သွားဖို့လုပ်နေတာပါ။ယာဉ်ရပ်နားခကောက်မဲ့ရက်ကို ပြန်ပြီးအသိပေး ကြေညာသွားပါမယ်။" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့တွင်း ၆ မြို့နယ်တွင် ယာဉ်ရပ်နားခကောက်ခံခြင်းကို Smart Parking ကဒ်စနစ်ဖြင့် ကားတစ်စီးလျှင် တစ်နာရီ ၂ဝဝ ကျပ်နှုန်း ကောက်ခံသွားမည်ဖြစ်ရာ ရပ်နားခကောက်ခံခြင်းအတွက်မျဉ်းဝါကားပါကင်များရေးဆွဲပြီး ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံသွားမှာ ဖြစ်တယ်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွတ်တော် ပုံမှန်အစည်းအဝေးမှာ ပြောကြားခဲ့သည်။

Author