မြို့တွင်း ၆ မြို့နယ်တွင် ယာဉ်ရပ်နားခကောက်ခံရန် smart parking ကဒ် စနစ် ၆ လအတွင်း စတင်မည်

0

Full article

ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ယာဉ်ရပ်နားခ ကောက်ခံရန် smart parking ကဒ် စနစ် တင်ဒါခေါ်ယူမှုပြီးစီးပါက ၆ လအတွင်း စတင်၍ ယာဉ်ရပ်နားခများ ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်အတွက် မြို့နယ် ၆ မြို့နယ်ဖြစ်သော လသာ၊ ပန်းပဲတန်း၊ လမ်းမတော်၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင် တို့ရှိ သတ်မှတ်ယာဉ်ရပ်နားဇုန်များတွင် smart parking စနစ်ကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီများ၏ EOI အဆိုပြုလွှာများကို ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ လက်ခံနေပြီဖြစ်ကြောင်းသိရသည်။

"အခုက မြို့တွင်း ၆ မြို့နယ်မှာ ယာဉ်ရပ်နားခကောက်တာကို smart parking ကဒ်စနစ်နဲ့ လုပ်သွားဖို့လုပ်နေတာ။ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို တင်ဒါတွေလည်းစပြီးခေါ်နေပါတယ်။ မျဉ်းဝါကြားတွေရေးဆွဲအပြီး ၆ လလောက်မှာ ယာဉ်ရပ်နားခကောက်ဖို့ အသိပေးကြေညာပေးသွားမှာပါ။" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ယာဉ်ရပ်နားခကောက်ခံခြင်းကို smart parking ကဒ်စနစ်ဖြင့် ကားတစ်စီးလျှင် တစ်နာရီ ၂ဝဝ ကျပ်နှုန်း ကောက်ခံသွားမည်ဖြစ်ရာ ရပ်နားခကောက်ခံခြင်းအတွက် မျဉ်းဝါကားပါကင်များရေးဆွဲပြီး ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံသွားမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေး၌ ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ကန့်သတ်ဇုန် ယာဉ်ရပ်နားခကောက်ခံရန် အငှားချထားခြင်း လုပ်ငန်း ဈေးပြိုင်တင်သွင်းနိုင်ရန်အတွက် EOI တင်ဒါများခေါ်ယူထားရှိရာ ပြည်တွင်းကုမ္ပဏီအများစု စိတ်ဝင်စားမှုရှိနေပြီး စည်းကမ်းချက်များသတ်မှတ်၍ လုပ်ကိုင်ခွင့်ချထားပေးသွားမ ည်ဖြစ်သည်။

Author