YBS ယာဉ်မောင်းသူများ စည်းကမ်းဖောက်ဖျက်မှုများကို ထိန်းချုပ်နိုင်ရန် နည်းပညာအသုံးပြု smart cards များထုတ်ပေးသွားမည်

0

Full article

ရန်ကုန်မြို့တွင် စည်းကမ်းမဲ့မောင်းနှင်သည့် YBS ယာဉ်မောင်းများကို ထိန်းချုပ်နိုင်ရန် နည်းပညာအသုံးပြုထားသော smart cards များကို ယခုလကုန်မှစပြီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။ YBS ယာဉ်မောင်းများ၏ စည်းကမ်းဖောက်ဖျက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် နည်းပညာအသုံးပြုထားသည့် smart cards များထုတ်ပေးမှုများကို ယခုလကုန်မှစပြီး ဗန္ဓုလယာဉ်လိုင်းနှင့် ကုမ္ပဏီပိုင်ယာဉ်လိုင်းများကို ဦးစားပေးထုတ်ပေးသွားမည်ဖြစ်ရာ နောက်ပိုင်းတွင် တစ်ဦးချင်းပုဂ္ဂလိကပိုင်ယာဉ်လိုင်းများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"YBS ယာဉ်မောင်းတွေ စည်းကမ်းလိုက်နာမှုရှိ/မရှိကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းပညာအသုံးပြုတဲ့ smart cards တွေ ဒီလကုန်ကစပြီး ထုတ်ပေးသွားမယ်။ Smart card ရထားတဲ့ ယာဉ်မောင်းက YBS ကို ဘယ်အချိန်က စမောင်းတယ်၊ ဘယ်လိုပြစ်မှုတွေ ကျူးလွန်ဖူးတယ်ဆိုတာကအစ မှတ်တမ်းအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။ YBS ကားမောင်းနှင်တဲ့သူတွေရဲ့ အချက်အလက်တွေ၊ စည်းကမ်းဖောက်ဖျက်တာတွေကို ထိန်းချုပ်နိုင်ဖို့ smart cards တွေကတစ်ဆင့် လုပ်ဆောင်နိုင်ဖို့ရည်ရွယ်တာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ Managing Director ဦးအောင်ညီညီမော်ကပြောကြားခဲ့သည်။

ရန်ကုန်မြို့တိုင်းဒေသကြီးတွင် ခရီးသည်ပို့ဆောင်ရေး YBS ယာဉ်လိုင်းပေါင်း ၁ဝဝ ကျော်ရှိပြီး ယာဉ်အစီးရေ ၄,၅ဝဝ ကျော်ဖြင့် ဝင်ရောက်ပြေးဆွဲနေလျက်ရှိရာ စည်းကမ်းမဲ့မောင်းနှင်နေသော ယာဉ်မောင်းများကို စောင့်ကြည့်ထိန်းချုပ်သွားမည်ဖြစ်သည်။ မည်သည့်ယာဉ်လိုင်းတွင်မောင်းနှင်နေသည်ကို သိရှိနိုင်မည့်အပြင် YBS ယာဉ် မောင်းနှင်ခဲ့သည့် ကိုယ်ရေးအချက်အလက်အပြည့်စုံ data များသိမ်းဆည်းထားသော smart card ထုတ်ပေးထားသည့်ယာဉ်မောင်းများကိုသာ နောက်ပိုင်းတွင် YBS ယာဉ်လိုင်းအတွင်း မောင်းနှင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

Author