စလစ် ဝယ်လိုအားမြင့်တက်မှုကြောင့် စလစ်ဈေးထပ်မံမြင့်တက်လာဖွယ်ရှိ

0

Full article


ကားဈေးကွက်အတွင်း စလစ်ဝယ်လိုအားမြင့်တက်လာသည်နှင့်အတူ စလစ်ကပ်ကားများမှာလည်း ရှားပါးလာသဖြင့် ကားတစ်စီးအပ်နှံပြီးမှ တင်သွင်းရသည့် စလစ်ကားများမှာ ဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ဝါရင့်ကားဝယ်ရောင်းပြုလုပ်သူများခန့်မှန်းထားကြသည်။ ဇွန်လ ၁ရက်မှစ၍ ကြိုတင်ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံရာတွင် စလစ်ကပ်ကားများမှာ မပါဝင်သည့်အတွက် စလစ်ကပ်ကားများကို ဝယ်ယူမှုမြင့်တက်လာပြီး စလစ်ကပ်ကားရှားပါးလျက်ရှိနေသည်။ စလစ်တစ်ဆောင်လျှင် အင်ဂျင်ပါဝါ ၆၆ဝ စီစီကားလေးများထက် ဈေးမြင့်တက်လာရာ စလစ်ဆောင်လျှင် ကျပ်သိန်း ၉၂ မှ ၉၃ သိန်းထိဈေးနှုန်းရှိရာမှ ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိသည်။

ကားအရောင်းအဝယ်လုပ်တဲ့သူတွေက စလစ်ကားဘက်ကိုပဲ ဦးတည်လာနေတယ်။ အခုအချိန်က ကြိုတင်ဝင်ငွေခွန် ၁၅ရာခိုင်နှုန်း ကောက်နေတာရယ် ရန်ကုန်ကားပါကင်က ဘာမှန်းမသိသေးတဲ့အခြေအနေမို့ စလစ်ကားကို ပိုပြီး အာရုံစိုက်လာတာပါ။ ဈေးကွက်မှာ စလစ်ဝယ်လို အားကောင်းလာပြီး အပ်ကားကလည်း နည်းလညတယ်။ ဒါကြောင့် နောက်ပိုင်းဆို စလစ်ကပ်ကားဈေးက ၉၅ နဲ့ ၁ဝဝ လောက်တက်လာနိုင်တယ်။ ဈေးက ဒီထက်တက်ပြီးရင်းတက်ဖို့ပဲရှိပါတယ် ဟု ဝါရင့်ကားဝယ်ရောင်းတစ်ဦးကဆိုသည်။

သက်တမ်းနှစ် ၂ဝ ကားဟောင်းဈေးမှာလည်း ကျပ်သိန်း ၉ဝ ခန့်မြင့်တက်နေလျက်ရှိပြီး တက္ကစီစလစ်ကားများမှာလည်း ထိုဈေးနှုန်းကဲ့သို့ တက်လာနိုင်ဖွယ်ရှိကြောင်းသိရသည်။

ခေတ်သစ်

Author