ကီလိုမီတာ ၄၇.၅ ရှည်လျားသည့် ရန်ကုန်မိုးပျံလေးလမ်းသွားအမြန်လမ်းမကြီး ဆောက်လုပ်ရန် စိတ်ဝင်စားမှု ဖော်ပြခြင်းအဆိုပြုလွှာ EOI ခေါ်ယူ

0

Full article

ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန် – မန္တလေး အမြန်လမ်း ကိုချိတ်ဆက်ကာ ကီလိုမီတာ ၄၇.၅ ရှည်လျှားသည့် ရန်ကုန်မိုးပျံလေးလမ်းသွားအမြန်လမ်းမကြီးကိုဆောက်လုပ်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ EOI စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

မိုးပျံအမြန်လမ်းမကြီး လုပ်ဆောင်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အပိုင်းလိုက်ခွဲ၍ PPP တင်ဒါများကို World Bank အဖွဲ့ဝင် International Finance Corporation ၏ အကူအညီဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ မိုးပျံလမ်း ဆောက်လုပ်ရေး စီမံကိန်းအတွက် နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)က အကြံဉာဏ်များ ပေးသွား မည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၄ဝဝ အထိရှိနိုင်မည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ် အဖွဲ့ဝင်ဖြစ်သည့် IFC က ကြေညာထားရှိသည်။

အဆိုပါ Yangon Elevated Expressway စီမံကိန်းဆောင်ရွက်ရခြင်းအကြောင်းမှာ ယနေ့ ရန်ကုန်မြို့ကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည့်အားလျော်စွာ ၂ဝ၁၄ ခုနှစ် လူဦးရေ စစ်တမ်းအရ ခြောက်သန်းခန့်ရှိနေပြီး နှစ်စဉ် လူဦးရေ တိုးတက်မှုနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အခြေခံကာ ခန့်မှန်းပါက ၂ဝ၃၅ ခုနှစ်တွင် လူဦးရေ ၁ဝ သန်း ခန့်ရှိမည် ဖြစ်ကြောင်း သိရသည်။

လမ်းဧရိယာနှင့် နယ်မြေဧရိယာအချိုးကို ဆန်းစစ်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ဗန်ကောက် မြို့သည် ၇ ဒသမ ၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ တိုကျိုမြို့သည် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ရန်ကုန်မြို့သည် ၅ ဒသမ ၂ ရာခိုင်နှုန်း သာရှိသဖြင့် ယခုကြုံတွေ့နေရသည့် ယာဉ်ကြောကျပ်တည်းမှုအား အချိန်မီမဖြေရှင်းနိုင်ပါက အနာဂတ်တွင် ရန်ကုန်မြို့အနေဖြင့် ယခုထက်ပိုမိုသည့် ယာဉ်ကြောကျပ်တည်းမှုဖြစ်လာနိုင်ပြီး ရန်ကုန်မြို့နေ ပြည်သူများ၏ လူမှုစီးပွားဘဝထိခိုက်နစ်နာမှုများ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်အတွက် စီစဉ်ထားတဲ့ မြို့တွင်းမြို့ပြင်ကို ပတ်နေတဲ့ လမ်းတွေရဲ့ အခြားအစိတ်အပိုင်းတွေကို အကောင်အထည်ဖော်ဖို့အတွက် နမူနာယူရမယ့် ပုံစံတစ်ခုအဖြစ် အသုံးပြုပါတယ်။ မြောက်ဥက္ကလာဘက်ကို ဖြတ်သန်းသွားမှာ ဖြစ်ပြီး မြောက်ဥက္ကလာပတံတားကို တော့ ရှောင်ပြီးသွားဖို့ လျှာထားတယ်။"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယင်းမိုးပျံလမ်းစီမံကိန်းအား စိတ်ဝင်စားသည့် ရင်းနှီးမြုပ်နှံလိုသူများသည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် အချက်အလက်များအတိုင်းစိတ်ဝင်စားမှုအဆိုပြုလွှာကို မေလ ၂၉ ရက် ညနေ ၅ နာရီမတိုင်မီ စာရွက်စာတမ်းများပြုစု၍ ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

Tender

Author