ရန်ကုန်မြို့တွင်းဧရိယာ (down-town) ၆ မြို့နယ်အတွင်း ဆိုင်ကယ်နှင့် လျှပ်စစ်ဆိုင်ကယ်များကို စီးနင်းခွင့် လုံးဝပေးမည်မဟုတ်

0

Full article

ရန်ကုန်မြို့အစွန်များကိုသာ လျှပ်စစ်ဆိုင်ကယ်များ စီးနင်းခွင့်ပြုရန် ဆွေးနွေးဆဲသာရှိပြီး မြို့တွင်းဧရိယာ (down-town) ၆ မြို့နယ်အတွင်း ဆိုင်ကယ်နှင့် လျှပ်စစ်ဆိုင်ကယ်များကို စီးနင်းခွင့်လုံးဝပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်ဖွဲ့ (YRTA) မှ သိရသည်။

ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ဖြစ်သော မြို့အစွန်နေရာများတွင် လျှပ်စစ်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များအား တရားဝင်စီးနင်းခွင့်ပြုရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တို့ ဆွေးနွေးဆဲသာရှိပြီး စီးနင်းခွင့်ပေးပါကလည်း မြို့တွင်းနေရာများအတွင်းသို့ မောင်းနှင်ဝင်ရောက်ခွင့် လုံးဝပြုမည်မဟုတ်ကြောင်း သိရသည်။

"စည်ပင်သာယာ နယ်နိမိတ်က မြို့အစွန်တွေ သွားလာရခက်ခဲတဲ့မြို့နယ်လေးတွေမှာပဲ ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေ စီးနင်းခွင့်ပြုဖို့အတွက် ဆွေးနွေးထားတာပါ။ အတည်ပြု မဆုံးဖြတ်ရသေးပါဘူး။ ဒါကလည်း အများကြီးဆွေးနွေးရဦးမှာပါ။ မြို့တွင်းထဲကိုဝင်လာရင် ဘယ်လိုကန့်သတ်ထားမယ် ဆိုတာလည်း ဆွေးနွေးရမယ်။ မြို့တွင်းဧရိယာ၊ မြို့လယ်ကောင်နေရာမျိုးကိုတော့ ဆိုင်ကယ်စီးနင်းတာ လုံးဝခွင့်မပြုပါဘူး။" ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်ဖွဲ့ (YRTA) မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ထန်းတစ်ပင်မြို့နယ် ၁၄ မြို့နယ်များတွင်သာ စီးနင်းခွင့်ပြုထားပြီး ကျန်မြို့နယ်များတွင် လုံးဝစီးနင်းခွင့်မပြုထားကြောင်း သိရသည်။

Author