Full article

(၂ဝ၁၂) ခုနှစ်မှစ၍ ကား Showroom များ အပြိုင်အဆိုင် ဖွင့်လှစ်လာပြီး သည့်နောက် ဈေးကွက်အခြေအနေ နှင့် ဝန်ဆောင်မှုစရိတ် များပြားစွာကုန်ကျသည့် အတွက်ကြောင့် Showroom များပိတ်သိမ်း ရန်ပြုလုပ်လာသည့် ကားလုပ်ငန်းရှင်များ ရှိလာကြောင်းသိရသည်။

Car-Show-Room

ဈေးကွက်အရ တွက်ခြေမကိုက်မှုများရှိနေသဖြင့် ကား Showroom တချို့ ပိတ်ရန်ရှိသော်လည်း စာရင်းဇယား များရှင်းလင်းရန် လိုအပ်သည့်အတွက် ချက်ချင်းပိတ်ရန်မှာ မဖြစ်နိုင်သေးကြောင်း Showroom ပိတ်သိမ်းရန် ကြိုးစားနေသည့် ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

ကား Showroom ဖွင့်လှစ်ရန် နိုင်ငံတော်အစိုးရထံတွင် Deposit အနေဖြင့် ဒေါ်လာတစ်သိန်း ပေးသွင်း ထားရပြီး Showroom များ ပိတ်သိမ်းပါက ထို ငွေများပြန်ထုတ်ရန်အတွက် ရောင်းထားသည့် အစီးရေ၊ လက်ကျန်အစီးရေများကို တွက်ချက်ရမည်ဖြစ်သဖြင့် စာရင်းဇယားများကို ရှင်းလင်းပြီးမှသာ ပိတ်သိမ်းနိုင်မည် ဖြစ်ကြောင်းသိရသည်။

Consignment စနစ်ဖြင့် တင်သွင်းရောင်းချရာတွင် ကားကိုရောင်းချပြီးမှသာ အခွန်ဆောင်၍ ငွေလွှဲရခြင်းဖြစ်ပြီး ယခု မြန်မာနိုင်ငံတွင် Consignment စနစ်ဆိုသည်မှာ အခွန်ဆောင်ပြီးမှသာ ကားကိုရောင်းရခြင်း ဖြစ်သဖြင့် မှားယွင်းနေကြောင်း Showroom ပိုင်ရှင်တစ်ဦးက ထောက်ပြပြောဆိုသည်။

Consignment စနစ်ဆိုတာက ကားကိုရောင်းပြီးမှ အခွန်ဆောင်၊ ပြီးမှ ငွေလွှဲပို့ပေးရတာ။ အခုက အခွန်ဆောင်ပြီးမှ ကားကိုရောင်းခိုင်းနေတာ။ တကယ်လို့ ဒီ ကားမရောင်းရရင် သွင်းထားတဲ့အခွန်ကို ပြန်ထုတ်ပေးမှာလား။ နောက်တစ်ခုကအခု (၂ဝ၁၄) C.I.F မှာ ရွှေငါးတွေဈေးကျသွား တယ်။ (၂ဝ၁၂) ခု နှစ်ကသွင်းထားတဲ့ ရွှေငါးက အဲ့ဒီနှစ်ရဲ့ C.I.F အတိုင်း အခွန် ဆောင်ထားရတာ။ ဆိုတော့ (၂ဝ၁၄)ထိ ဒီ ကားက မရောင်းရသေးရင် C.I.F ကျတဲ့ အချိန်ကျတော့ သွင်းထားတဲ့သူက သေပြီ ပေါ့။ အမှန်ကကားကို ရောင်းပြီးမှ အခွန် ဆောင်ရမှာ။ အခုဖြစ်နေတဲ့အနေအထား တွေအရ ကား Showroom တွေတချို့ အခြေအနေမဟန်တဲ့အခါ ပိတ်ချင်ရင်တောင် ပိတ်လို့မရဘူးဖြစ်နေတယ်။ Consignment စနစ်နဲ့ရောင်းတော့ လက်ကျန် ကားတွေရှိနေတယ်။ ဒါတွေဘယ်လိုလုပ်မလဲ။ တစ်စီးလည်းမဟုတ်ဘူး။ အများကြီး။ ရှုပ်နေတာပဲလို့ အဆိုပါ ပုဂ္ဂိုလ်ကပြောပြခဲ့သည်။

မြေနေရာအနေအထားနှင့် ဝန်ဆောင် မှုစရိတ်များပါ ထည့်တွက်ရသဖြင့် တချို့ ကား Showroom များ အနေဖြင့် ဈေးကွက် တွင်ထိုးဖောက်ရန်ခက်ခဲလာပြီး ပိတ်သိမ်း ရန်ကြိုးစားလာကြခြင်းဖြစ်ကြောင်း သိရသည်။

Ref: Auto World

Author