မြန်မာ့ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများနှင့် သင်္ဘောသားများ ကျန်းမာရေးကောင်းမွန်ကြောင်းကြေညာလွှာ ကြိုတင်ပေးပို့ရမည်ဟု ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ထုတ်ပြန်

0

Full article

မြန်မာ့ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် နိုင်ငံခြားမှတ်ပုံတင် ကုန်သင်္ဘောများ၊ ခရီးသည်တင်သင်္ဘောများနှင့် မြန်မာမှတ်ပုံတင်သင်္ဘောသားများအနေဖြင့် ကျန်းမာရေးကောင်းမွန်ကြောင်း ကြေညာလွှာ (Maritime Declaration of Health) MDOH အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ကြိုတင်ပေးပို့ရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။


မြန်မာ့ဆိပ်ကမ်းများသို့ နိုင်ငံခြားတိုင်းပြည်များမှ သင်္ဘောများဝင်ရောက်လာမှုအား စောင့်ကြည့်စစ်ဆေးမှုနှင့်စပ်လျဉ်းပြီး နိုင်ငံခြားမှတ်ပုံတင် ကုန်သင်္ဘောများ၊ ခရီးသည်တင်သင်္ဘောများနှင့် နိုင်ငံတကာသွားလာနေကြသည့် မြန်မာမှတ်ပုံတင် သင်္ဘောသားများသည် မြန်မာ့ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည်ဆိုပါက သင်္ဘောပေါ်တွင် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် COVID-19 နှင့်ပတ်သက်ပြီး သံသယဖြစ်ဖွယ်ကင်းရှင်းကြောင်းကြေညာလွှာ Maritime Declaration of Health (MDOH) အား ဆိပ်ကမ်းသို့မရောက်မီ ၇၂ နာရီတွင် တစ်ကြိမ်၊ ၂၄ နာရီတွင်တစ်ကြိမ် ကြိုတင်ကာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးပို့ရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။ ထို့အပြင် Health Declaration Card အား ဆိပ်ကမ်းကျန်းမာရေးအရာရှိထံ တင်ပြရမည်ဖြစ်ပြီး COVID-19 နှင့်ပတ်သက်ကာ သံသယဖြစ်ဖွယ်အခြေအနေ (သို့) ကိုယ်အပူချိန်မြင့်မားခြင်း၊ ဖျားနာခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ချောင်းဆိုးနေသော ရေယာဉ်ဝန်ထမ်းများရှိပါက သက်ဆိုင်ရာသို့ ချက်ခြင်းသတင်းပို့ရမည်ဖြစ်ကာ ရေယာဉ်ဆိုက်ကပ်ခြင်းအား ဆိုင်ငံ့ပြီး လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့စတင်ရောက်ရှိချိန်မှ စတင်ကာ ၁၄ ရက်သီးသန့်သတ်မှတ်ထားသည့်နေရာများတွင် ထားရှိစောင့်ကြည့်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း ကြေညာချက်ထုတ်ပြန်ထားသည်။

Author