ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ်အစီးရေ ၅ ထောင်နီးပါးဖမ်းဆီးခဲ့

0

Full article

ရန်ကုန် – မန္တလေးအမြန်လမ်းမပေါ်တွင် ယခု ၂ဝ၁၉ ခုနှစ်အတွင်း ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့သည့် ယာဉ်အစီးရေ ၅ ထောင်နီးပါးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၌ ၂ဝ၁၉ ခုနှစ်အတွင်း ၅ လတာဖြစ်သော ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ သတ်မှတ်ထားသည့်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့သော ကားအစီးရေ ၄၉၅၇ စီးအပြင် ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ် ၆၄ စီးကိုလည်း ဖမ်းဆီးအရေးယူထားခဲ့ကြောင်းသိရသည်။

"အခုနောက်ပိုင်း မိုးရွာရင်ပိုပြီးသတိထားမောင်းနှင်ကြဖို့လိုတယ်။ အခုနောက်ပိုင်းကားတွေကလည်း အရမ်းကောင်းလာတော့ အဲယားကွန်းဖွင့်ပြီး တံခါးတွေပိတ်ထားတော့ အရှိန်နှုန်းက များလို့များမှန်းမသိတော့ဘူး။ မိုးတွင်းက လမ်းချော်တာတို့၊ စလစ်ဖြစ်တာတို့ အများဆုံးဖြစ်ကြတယ်။ သတ်မှတ်အရှိန်နှုန်းထက်ပိုမောင်းရင်တော့ မော်တော်ယာဉ်ဥပဒေအတိုင်းအရေးယူမှာပါ။" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၁ဝ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ရန်ကုန်- မန္တလေးအမြန်လမ်း ၂ဝ၁ မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၁၃ စီး၊ ဖြူးမြို့နယ်၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၉ စီး၊ လှည်းကူးမြို့နယ် အမှတ် (၃) လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ၇ စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော် ယာဉ် ၂ စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၇ စီး စုစုပေါင်း ၃၈ စီး ဖမ်းဆီးခဲ့ပြီး စကားအင်းတိုးဂိတ်၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သောမော်တော်ယာဉ် ၁ စီးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ၂ နှစ်နီးပါးကာလ (၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့) အထိ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် ၃၃၃၁၉ စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်းလည်းသိရသည်။

Author

Comments