လိုင်စင်မဲ့ကားများ ထိရောက်စွာဖမ်းဆီးနိုင်ရန်လျှို့ဝှက် နည်းစနစ်ဖြင့် လုပ်ဆောင်ရန် တင်ပြမည်

0

Full article

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိနေသော တရားမဝင်လိုင်စင်မဲ့ကားများကို ထိရောက်စွာဖမ်းဆီးနိုင်ရန်အတွက် လျှို့ဝှက်နည်းစနစ်ဖြင့်လုပ်ဆောင်ရန် တင်ပြသွားမည်ဖြစ်ကြာင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

တရားမဝင်တင်သွင်းလာသော လိုင်စင်မဲ့ (without) ကားများကို ဖမ်းဆီးရမိမှုများမှာ တကယ်တမ်းတွင် လိုင်စင်မဲ့ကားများတင်သွင်းလာသော အဓိကသူများကို မမိဘဲ ယာဉ်မောင်းနှင်သူများနှင့် ကယ်ရီမောင်းသူများ၊ မနူးမနပ်သူများသာ ဖမ်းဆီးရမိနေမှုရှိနေပြီး အမှန်တကယ်လိုင်စင်မဲ့ကား အကြီးစားအရောင်းအဝယ်ပြုလုပ်နေသူများကို ဖမ်းဆီးရမိစေရန်၊ လိုင်စင်မဲ့ကားများ ထိရောက်စွာဖမ်းဆီးနိုင်ရန်၊ လျှို့ဝှက်နည်းစနစ်ဖြင့် လုပ်ဆောင်ရန် ဝန်ကြီးချုပ်နှင့်လွှတ်တော်ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်ဖမ်းဆီးဖို့အတွက် တင်ပြတာတွေလုပ်သွားမယ်။ Without ကားတွေ ဖမ်းဆီးရမိတာကလည်း တကယ်လုပ်နေတဲ့ သူတွေကို မိတာမဟုတ်ဘူး။ လိုင်စင်မဲ့ကားမောင်းနေတဲ့သူတွေ၊ မနူးမနပ်လုပ်နေတဲ့သူတွေကိုမိတာ။ လိုင်စင်မဲ့ကား ပပျောက်ဖို့အတွက် တကယ်လုပ်နေတဲ့သူတွေဖမ်းမိဖို့ဆိုတာ လျှို့ဝှက်နည်းစနစ်နဲ့ဖမ်းဆီးဖို့လည်းလိုတယ်။ ဒါတွေကို လွှတ်တော်မှာတင်ပြသွားမယ်။ ဖမ်းမိတဲ့ အစီးရေကလည်း ထိထိရောက်ရောက်ဖြစ်မလာဘူး။" ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၁၈ ခုနှစ်အတွင်း လိုင်စင်မဲ့ကား ၁၃ဝ စီးကို ဖမ်းဆီးရမိခဲ့ပြီး နယ်စပ်ဝင်ပေါက်များမှ တရားမဝင်တင်သွင်းနေသည့် လိုင်စင်မဲ့ကားများမှာ နေ့စဉ်လို တစ်ရက် ကားအစီး ရာဂဏန်းအထိ တင်သွင်းဝင်ရောက်လာနေပြီး ပြည်နယ်များတွင် အသုံးပြုမှုများပြားလာရာ တိုင်းဒေသကြီးများသို့ဝင်ရောက်လာမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်သင့်နေကြောင်းလည်း သိရသည်။

Author