Full article

မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ချက်များနဲ့ကိုက်ညီပြီး ဘဏ်စာရင်းတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ဝဝဝဝ ရှိသူ သင်္ဘောသားများကို ၂ဝဝ၇ မော်ဒယ်အထက် ကားများအားတင်သွင်းခွင့်ပြုခဲ့ပြီး ယာဉ်အစီးရေ ၃ဝဝဝ အထိ သတ်မှတ်ပေးခဲ့ပါသည်။ ယခုအခါ ဇန်နဝါရီ ၂၆ရက်တွင် သတ်မှတ်ထားတဲ့ အစီးအရေ ၃ဝဝဝ အားလုံးပြည့်မှီသွားပြီဖြစ်ကြောင်း သိရပါတယ်။

ယခုလို မြန်မြန် သတ်မှတ်ထားတဲ့ Quota ပြည့်သွားခြင်းမှာ တရားဝင် သတ်မှတ်ချက်များနဲ့ကိုက်ညီသည့် သင်္ဘောသားများအား ကားတင်သွင်းပေးသည့် အကျိုးဆောင်ကုမ္ဗဏီများတိုးပွားလာခြင်းကြောင့်လဲ တစ်စိတ်တစ်ဒေသပါပါတယ်။

ယင်းအကျိုးဆောင်များက ကားသွင်းရန်အခက်အခဲရှိသည့် ဘဏ်ထဲတွင် သတ်မှတ်ထားသော ဒေါ်လာ ၁ဝဝဝဝ အောက်နည်းသည့် သင်္ဘောသားများအတွက် Money Changer မှတစ်ဆင့် ငွေလဲလှယ်ကာ ဘဏ်ထဲသို့ ထည့်ပေးပြီး သင်္ဘောသားများမှာရှိသည့် SECD မှ သင်္ဘောသားဖြစ်ကြောင်း သက်သေခံအခွန် ဆောင်ထားတဲ့ ထောက်ခံချက်နဲ့အတူ စီးပွားကူးသန်းတွင် ပါမစ်စလစ်များသွားလျှောက်ပေးတယ်လို့သိရပါတယ်။ အမှန်တကယ်စီးနှင်းချင်သူတွေအတွက် အင်မတန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ သို့သော် အချို့အကျိုးဆောင်များမှာ သင်္ဘောသားများဆီမှ SECD ထောက်ခံချက်ကို ငွေ ၁၆သိန်းခန့်ပေးဝယ်ပြီး စလစ်ရအောင်ထုတ်ကာ အခြားကားသွင်းချင်သူများကို စလစ်ကိုတစ်ဖန် သိန်း ၆ဝ ခန့်ဖြင့် ပြန်ရောင်းသောလုပ်ငန်းများကိုလဲ ဝန်ဆောင်မှုပေးကြောင်း ကြားသိရပါတယ်။

ထို့ကြောင့် Free Market တို့၏ သဘောသဘာဝအတိုင်း ဝယ်လိုအားများသည့်အတွက်သတ်မှတ်ထားသည့် ကားတင်သွင်းခွင့်အရေအတွက် ၃ဝဝဝ ခန့်သည် အချိန်ကာလတိုအတွင်းမှာပင် ပြည့်နှက်သွားခဲ့ပါတယ်။ ယင်းအတွက်ကြောင့် ထောက်ခံချက်များကို ငွေကျပ် ၁၆သိန်းနဲ့ဝယ်ကာ စလစ်ထုတ်ပေးရန်စီစဉ်နေသည့် အကျိုးဆောင်များလဲ ယခုအခါ စလစ်ထပ်ထုတ်မရတော့သည့်အတွက် အဆိုပါ ကုန်ကျစရိတ်များ ရှုံးသွားပါတယ်ဟု အကျိုးဆောင်အချို့မှ ရှင်းပြပါတယ်။ ပိုပြီးထိခိုက်သွားသည်မှာ အမှန်တကယ်စီးနှင်းချင်၍ ကားသွင်းရန်ကြံစည်နေသည့် သင်္ဘောသားများအတွက် ပါမစ်မကျန်ရှိတော့ခြင်းဖြစ်ပါသည်။ လက်ရှိတွင် တရားဝင်မှတ်ပုံတင်ထား သော နိုင်ငံခြား သင်္ဘောသားများမှာ သောင်းနှင့် ချီရှိနေကြောင်း သိရှိရသည်။ လက်ရှိအတွက် အကောင်းဆုံးပြေလည်အောင်ဖြေရှင်းနိုင်မဲ့နည်းများထဲမှတစ်ခုကတော့ စီးပွားကူးသန်းမှ သင်္ဘောသားများ အတွက် ထပ်မံကားတင်သွင်းခွင့်များထပ်ချပေးမလားဆိုတာပါပဲ။

အခြားအကြံဥာဏ်များရှိလျှင်လဲ ကျွန်တော်တို့ရဲ့ Forums မှာပဲဖြစ်ဖြစ် ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

(ကိုးကား| ထွန်းလင်း – မြန်မာပို့စ် သတင်းဂျာနယ်)

Author