School bus စနစ်ပြေးဆွဲမည့် ကားများ ယာဉ်အုံနာဘုတ်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်မရှိဘဲ အခြားလုပ်ငန်းပြောင်းလဲခွင့်မပြုကြောင်း ထည့်သွင်းထားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း school bus စနစ်ပြေးဆွဲမည့်ကားများ၏ ယာဉ်အုံနာဘုတ်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းပြောင်းလဲခွင့်ပြု/မပြုကို ထည့်သွင်းဖော်ပြထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ လာမည့် ၂ဝ၁၉- ၂ဝ၂ဝ စာသင်နှစ်တွင် school bus ကျောင်းကားစနစ် စတင်ပြေးဆွဲရာ၌ ကျောင်းကားလုပ်ငန်းပြေးဆွဲမည့်သူများကို ညာမောင်းကျောင်းကြို/ပို့ကားများနေရာတွင် ဘယ်မောင်း school bus ကားများကို အစားထိုးပြေးဆွဲရာ အိုဟောင်းစလစ်မလိုအပ်ဘဲ ရန်ကုန်လိုင်စင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ကျောင်းကားများ ယာဉ်မှတ်ပုံတင်ပြုလုပ်ရာ၌ မော်တော်ယာဉ် အုံနာဘုတ်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းပြောင်းလဲခွင့် ပြု/မပြုကို ထည့်သွင်းဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

"School bus ကျောင်းကားစနစ်ပြေးဆွဲတဲ့ ကားတွေရဲ့အုံနာဘုတ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ တစ်ခြားလုပ်ငန်းကို ပြောင်းလဲပြေးဆွဲခွင့်ပြုမှာမဟုတ်ဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံချက်နဲ့လုပ်တာဖြစ်လို့ မလိုအပ်တော့ဘူးဆိုရင်တော့ ပြောင်းလဲလို့ရမှာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောင်းကားစနစ်စတင်ပြေးဆွဲပေးခဲ့ရာတွင် အခြေခံပညာကျောင်းများဖြစ်သည့် ကမာရွတ် TTC နှင့် ရန်ကင်း TTC ကျောင်း ၂ ကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဝယ်ယူထားသော school bus ကားအစီး ၆ဝ ဖြင့် ပြေးဆွဲပေးနေလျက်ရှိပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝယ်ယူထားသော school bus အစီးရေ ၂ဝဝ အနက် ကားအစီးရေ ၁၄ဝ ကျန်ရှိနေသေးရာ ယခုစာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်းများမှ တောင်းဆိုလာပါက ကျန်ရှိနေသည့် school bus အစီး ၁ဝဝ ကျော်ကို ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Author