ဘယ်မောင်း (school bus) ကျောင်းကားများ ဈေးသက်သာအောင် လုပ်ဆောင်ပေးသင့်ပြီး ရန်ကုန်လိုင်စင်ခွင့်ပြုပေးရန်တောင်းဆို

0

Full article

ဘယ်မောင်း (school bus) ကျောင်းကားများ ဈေးသက်သာအောင် လုပ်ဆောင်ပေးသင့်ပြီး ရန်ကုန်လိုင်စင်ခွင့်ပြုပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းကြို့/ပို့ လုပ်ကိုင်သူများက တောင်းဆိုထားသည်။
လက်ရှိတွင် (school bus) ကျောင်းကားစနစ်ပြေးဆွဲရန် သတ်မှတ်ထားသည့် အချက် ၁၂ ချက်ရှိရာ လာမည့်စာသင်နှစ်မှ၍ ဘယ်မောင်းကားများကိုသာ ပြေးဆွဲရမည်ဆိုပါက ဘယ်မောင်း (school bus) ကျောင်းကားများတင်သွင်းမှုအား ဈေးသက်သာအောင် လုပ်ဆောင်ပေးသင့်ပြီး ရန်ကုန်လိုင်စင်လည်းခွင့်ပြုပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းကြို့/ပို့ လုပ်ကိုင်သူများက တောင်းဆိုလျက်ရှိသည်။

(School bus) ကျောင်းကားစနစ် စတင်ပြေးဆွဲပေးရာတွင် ကျောင်းကားအဖြစ် ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးရာ၌ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ school bus ယာဉ်အဖြစ်သတ်မှတ်ချက်တွင် ခရီးသည် ၁ဝ ဦးနှင့်အထက် တင်ဆောင်နိုင်သော micro bus ၊ mini bus ၊ bus အမျိုးအစား ဘယ်မောင်းကားများကိုသာ school bus ယာဉ်အဖြစ် သတ်မှတ်ထားရှိပြီး ဖြစ်သော်လည်း သက်ဆိုင်ရာကျောင်းများမှ တာဝန်ရှိသူများ၏တင်ပြချက်ကြောင့် လာမည့်တစ်နှစ်အား ညာမောင်းကားများကိုပါ ပြေးဆွဲခွင့် ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။

"ကျောင်းကားပြေးဆွဲဖို့ ဘယ်မောင်းကားတွေကို သတ်မှတ်တင်သွင်းခွင့်ပေးတာကို အခွန်နှုန်းထား လျှော့ပေးဖို့လိုတယ်။ ရန်ကုန်လိုင်စင်လည်း ပေးရမယ်။ ဒါကြောင့် ကျောင်းကားကို ညာမောင်းကားတွေ ပြန်ပြေးဆွဲခွင့်ပေးဖို့ တောင်းဆိုတာပါ။ တစ်ကယ်လို့ မရရင်လည်း ရတဲ့အထိ တောင်းဆိုသွားမှာပါ။ အခုဆို ကျောင်းကားပြေးဆွဲတဲ့သူတွေ တော်တော်လေးအခက်အခဲဖြစ်နေရတယ်။" ဟု ကျောင်းကြို/ပို့ လုပ်ငန်းတွင် ကျောင်းကားပြေးဆွဲနေသော လုပ်ငန်းရှင် ဦးအောင်စိုးက ပြောကြားခဲ့သည်။

"အခုဝယ်ထားတဲ့ ကျောင်းကားတွေကလည်း ပြည်သူ့ဘဏ္ဍာနဲ့ဝယ်ထားတာ၊ ၁ဝ.၅ ဘီလီယံ တန်ဖိုးရှိတယ်။ အဲဒီမှာ ၅ ဘီလီယံက မထသ ကနေ YBS ပြောင်းတဲ့ပြည်သူ့ ငွေတွေနဲ့ စိုက်ပြီးဝယ်ထားတာ။ ကျောင်းကားစနစ်ပြေးဆွဲဖို့ YRTA က ဥပဒေလည်း မသတ်မှတ်ရသေးဘူး။ အခုကျောင်းကားစနစ်ပြေးဆွဲဖို့ သတ်မှတ်ထားတဲ့ အချက် ၁၂ ချက်မှာ ဘယ်မောင်းကားက အဆင်မပြေဘူးဆိုတာ တင်ပြပေးတာလုပ်သွားမှာ။ ကျောင်းကား သတ်မှတ်ချက် ၁၂ ချက်က လက်တန်းရေးဆွဲထားတာဖြစ်နေတယ်။" ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

(School bus) ကျောင်းကားစနစ်သစ်၌ ကျောင်းကားသတ်မှတ်ချက်တွင် ကျောင်းကားအဖြစ်ပြေးဆွဲမည့်ကားများအားလုံးကို "ဃ" လုပ်ငန်းလိုင်စင်လုပ်ဆောင်ရမည်ဖြစ်ရာခရီးသည် ၁ဝ ဦးနှင့်အထက် တင်ဆောင်နိုင်သော micro bus ၊ mini bus ၊ bus အမျိုးအစား ကားများကိုသာ school bus ယာဉ်အဖြစ် သတ်မှတ်ပြေးဆွဲရန်သတ်မှတ်ထားသည်။

Author