ကျောင်းတက်ကျောင်းဆင်းချိန် မိုးရွာသွန်းမှုများပြားလာသောအချိန်များ၌ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် ရန်ကုန်ယာဉ်ထိန်းအင်အား ၄ဝဝ ခန့်တာဝန်ချ၍ ကားပိတ်ဆို့မှုများရှင်းလင်းသွားမည်ဟုဆို

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းတက်၊ ကျောင်းဆင်းချိန် မိုးရွာသွန်းမှု များပြားလာသောအချိန်များ၌ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန်နှင့် ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် စာသင်ကျောင်းများအနီး ရန်ကုန်တိုင်းရှိခရိုင်လေးခုတွင် ယာဉ်ထိန်းအင်အား ၄ဝဝ ခန့် တာဝန်ချပြီး ကားပိတ်ဆို့မှုများ ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် ယခုစာသင်နှစ် ကျောင်းဖွင့်ရာသီမှစ၍ ယာဉ်ကြောကျပ်တည်းမှု ပိုမိုဆိုးရွာလာနေလျက်ရှိရာ ကျောင်းသား/သူများ လမ်းဖြတ်ကူးရာတွင် စည်းကမ်းတကျရှိစေရန်နှင့် ယာဉ်အန္တရာယ်မဖြစ်ပွားစေရန်အတွက် ယာဉ်ထိန်းတပ်ဖွဲ့မှ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်တစ်ခုလျှင် တပ်ဖွဲ့ဝင်အင်အား ၁ဝဝ ခန့်ထားရှိမည်ဖြစ်ပြီး ခရိုင်လေးခုတွင် တပ်ဖွဲ့ဝင်အင်အား ၄ဝဝ ခန့်ကို ယာဉ်များရှင်းလင်းပေးရန်တာဝန်ချ ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျောင်းဖွင့်ချိန်မှာ ယာဉ်ကြောပိတ်ဆို့ကျပ်တည်းတာတွေမဖြစ်ဖို့နဲ့ ကျောင်းသားတွေ ယာဉ်အန္တရာယ်ကင်းကင်းလမ်းဖြတ်ကူးနိုင်ဖို့ ခရိုင်တစ်ခုကို တပ်ဖွဲ့ဝင်အင်အား ၁ဝဝ ခန့် ချထားပေးသွားမှပါ။ ရန်ကုန်တိုင်းအတွင်း ခရိုင်လေးခုမှာ တပ်ဖွဲ့ဝင်အင်အား ယာဉ်ထိန်းရဲမေတွေအပါ ၄ဝဝ နီးပါး တာဝန်ချထားပေးသွားမှာပါ။ မြို့ထဲလို ကားအသွားအလာများတဲ့နေရာတွေနဲ့ လမ်းမကြီးတွေပေါ်က စာသင်ကျောင်းတွေမှာ အဓိက တာဝန်ချထားပေးမှာပါ။ ကျောင်းတက်ကျောင်းဆင်းချိန်နဲ့ မိုးအရမ်းရွာသွန်းလို့ ကားပိတ်ဆို့တာတွေကို သွားလာရအဆင်ပြေအောင် ရှင်းလင်းပေးမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အနှံ့အပြားတွင် မိုးရွာသွန်းမှုများပြားလာပါက ရေကြီးမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး ယာဉ်သွားလာမှု အချက်ပြစနစ်ဖြစ်သည့် မီးပွိုင့်များမှာ မီးပျက်တောက်မှုကြောင့် ပျက်နေသောမီးပွိုင့်တွင် ဖြတ်သန်းသွားလာမည့်ကားများ ယာဉ်အန္တရာယ်ဖြစ်ပေါ်လာနိုင်မှုရှိနေ၍ တစ်ဖက်ယာဉ်ကြောရှိကားများအား သေချာစွာကြည့်ပြီးမှ အထူးဂရုစိုက်မောင်းနှင်ကြရန် လိုအပ်ကြောင်း သိရသည်။

Author

Comments