Full article

ယာဉ်မောင်းအပါအဝင် (၁ဝ) ယောက်နှင့်အထက် စီးနင်းနိုင်သော ခရီးသည် သယ်ယူပို့ဆောင်ရေးယာဉ်များအား ခရီးသည်တင်ယာဉ်အုပ်စုတွင် ထည့်သွင်းထားကာ အကောက်ခွန် (၃) ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာ ကျောင်းကားဟု သီးခြားသတ်မှတ်ချက်ဖြင့် တင်သွင်းခွင့်ပြုမည်ဆိုပါက အကောက်ခွန် (၃) ရာခိုင်နှုန်းအား ကင်းလွတ်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ဇွန်လ (၃) ရက်နေ့ အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့သည်.။

ကျောင်းကားဟူ၍ သီးခြားသတ်မှတ်ချက်ဖြင့် တင်သွင်းခွင့်ပြုပါက အကောက်ခွန်ဌာနမှ စည်းကြပ်ကောက်ခံနေသော အကောက်ခွန် (၃) ရာခိုင်နှုန်းအား အထူးကိစ္စတစ်ရပ်အနေဖြင့် လျှောက်ထားပါက ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေ ပုဒ်မ (၂၃) နှင့် အကောက်ခွန် နှုန်းဥပဒေအခန်း (၄) အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကင်းလွတ်ခွင့်ပြုနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်.။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေများအရ ကျောင်းကားများ ပြည်ပမှတင်သွင်းခြင်းအတွက် ပြည်တွင်းအခွန်ဦးစီးဌာနက ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်း နှင့် ကြိုတင်ဝင်ငွေခွန် (၂) ရာခိုင်နှုန်းတို့ကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်.။

ရန်ကုန်မြို့တွင်းရှိ ကျောင်းများတွင် အိမ်စီးယာဉ်များဖြင့် ကြို/ပို့ ခြင်းကို ပိတ်ပင်ခြင်း ရှိ/မရှိ နှင့် ကျောင်းကားများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ခွင့်ပြုပေးရန် ရှိ/မရှိကို ဇွန်လ (၃) ရက်နေ့ လွှတ်တော်အစည်းအဝေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဒေါက်တာမြတ်ဉာဏစိုး၏ မေးမြန်းချက်အား စီးပွားကူးသန်း ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်.။

ကျောင်းသူကျောင်းသားများအား အိမ်စီးယာဉ်များဖြင့် ကျောင်း ကြို/ပို့ခြင်းမှာ ကျောင်းသားမိဘများ၏ သဘောဆန္ဒအရ ဆောင်ရွက်ခြင်းဖြစ်၍ ပိတ်ပင်ခြင်း၊ ခွင့်ပြုခြင်းတို့ ညွှန်ကြားဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်းလည်း ဖြေကြားခဲ့သည်.။ ယခု (၂ဝ၁၅-၂ဝ၁၆) ပညာသင်နှစ်တွင် ရန်ကုန်မြို့ရှိ ကျောင်းကြို/ပို့ ယာဉ်များအား ကျောင်းကားများဖြင့် ကြို/ပို့ စနစ်ပြုလုပ်ရန် လျာထားသော်လည်း အကောင်အထည် မဖော်နိုင်သေးဘဲ တဖြည်းဖြည်းဖြင့်သာ ပြောင်းလဲသွားရန်ရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ (မ.ထ.သ) ဗဟိုမှ ပညာပေးဆပ်ကော်မတီ၏ ဥက္ကဌဖြစ်သူ ဦးလှသောင်းမြင့်က ပြောပြခဲ့သည်.။

စန္ဒီဝင်း (ဇွန်-၁၂-၂ဝ၁၅) ထုတ် Auto World Journal မှ ကူးယူဖော်ပြသည်.။

Photo Credit: https://baekjieun.wordpress.com/2014/07/11/yangon-a-cursory-introduction-to-myanmar/

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author