မှတ်ပုံတင်နံပါတ် တူညီမှုများရှိနေသောကြောင့် ယာဉ်မောင်းလိုင်စင် ပြုလုပ်ရာနှင့်သက်တမ်းတိုးရာတွင် အခက်အခဲနှင့်ကြန့်ကြာမှုများရှိနေ

0

Full article

ယာဉ်မောင်းလိုင်စင် ပြုလုပ်ခြင်းနှင့်သက်တမ်းတိုးခြင်းများပြုလုပ်ရာတွင် မှတ်ပုံတင်နံပါတ်ထပ်နေခြင်းများ ရှိနေသည့်အတွက် အဆင်မပြေမှုများ၊ ကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
"လိုင်စင်လုပ်ရာမှာ မှတ်ပုံတင်နံပါတ်တွေ တူ နေတတ်တာကိုမကြာခဏ တွေ့ရတယ်။ တူ တဲ့သူချင်းအတူတူ အရင်လုပ်တဲ့လူကတော့ ရသွားပြီး နောက်လုပ်တဲ့လူကအဆင်မပြေတော့ဘူး။ ဘာကြောင့်ဒီလို မှတ်ပုံတင်နံပါတ်တွေ ထပ်နေရတာလဲဆိုတာ သေသေချာချာတော့ရှင်းလင်းသင့်တယ်ထင်တာပဲ။ ကျွန်တော်တို့က ကြားကနေ မြင်နေ၊ တွေ့နေရတော့ စိတ်မချမ်းသာဘူးဗျ။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းမြင့်မှ ပြောကြားခဲ့သည်။
ထို့အပြင် မှတ်ပုံတင်နံပါတ်တူများ ရှိနေခြင်းကြောင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရာတွင် အခက်အခဲတွေ့နေသူတစ်ဦးကလည်း "ကျွန်တော်ဆိုရင် သင်္ဃန်းကျွန်းမှတ်ပုံတင်ကိုင်ထားတာပါ။ ကျွန်တော့နံပါတ်နဲ့၊ ကိုစိုးမြင့်ဆိုတဲ့သူရဲ့နံပတ် သင်္ဃန်းကျွန်း တစ်မြို့နယ်ထဲမှာ နံပါတ်ချင်းသွားတူနေတယ်။ အဖေ နာမည်ခြင်းလည်းတူနေတယ်။ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတော့ သူကအရင်လုပ်ပါတယ်။ ကညန က မှတ်ပုံတင်နံပါတ်တူနေမှန်းသိတော့ လဝက ထောက်ခံစာတောင်းပါတယ်။ ဟိုကလည်း ထုတ်ပေးလိုက်ပါတယ်။ နောက် ကျွန်တော့အလှည့်ရောက်တော့ နံပါတ်တူနေလို့ လဝက ရုံးသွားတဲ့အခါ သူ့ရဲ့ ငယ်စာရင်းလဲထုတ်၊ ကျွန်တော့ငယ်စာရင်းလဲထုတ်ပေါ့။ အဲဒီလို ထုတ်တဲ့အခါ နှစ်ဦးစလုံးရဲ့ငယ်စာရင်းတွေလည်းရှိနေတယ်။ ရှိပေမယ့်လည်း သူကတော့ လုပ်ပြီးပြီ ဖြစ်တဲ့အတွက်အဆင်ပြေသွားပေမယ့် ကျွန်တော်ကတော့ အခက်တွေ့သွားတာပေါ့။ ၂ဝ၁၇ ခုနှစ်ကတည်းက အခုထိဆိုတော့ ၂ နှစ်ကျော်သွားပါပြီ။ လဝက ရုံးသွားမေးတော့လည်း တင်ထားတယ်လို့ပဲပြန်ဖြေပါတယ်။ ကားသမား လိုင်စင်သက်တမ်းတိုးမရတော့ အခက်တွေ့တာပေါ့။ လိုင်စင်သက်တမ်းကုန်နေတဲ့ကားသမားကို ဘယ်အုံနာကမှ ကားပေးချင်မှာမဟုတ်ဘူး" ဟု ပြောဆိုခဲ့သည်။
မှတ်ပုံတင်နံပါတ်တူရှိနေခြင်းကြောင့် ယာဉ်မောင်းလိုင်စင်ဖြေခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များတွင် အခက်အခဲတွေ့ ကြန့်ကြာနေမှုများ အများအပြားရှိနေကြာင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းမြင့်မှပြောကြားခဲ့သည်။

Zing

Author