ရန်ကုန်တိုင်းအစိုးရအဖွဲ့ခွင့်ပြုချက်ရပါက ပြန်လည်ဖွင့်လှစ်သွားမည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ

0

Full article

ရန်ကုန်တိုင်းအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ ပြန်လည်ဖွင့်လှစ်ရန်အသင့်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုချက်ရရှိပါက ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူးမှပြောကြားခဲ့သည်။

“COVID-19 ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကစပြီးတော့ ပြည်သူလူထုကို လူစုလူဝေးဖြစ်စေမယ့် ယာဉ်မှတ်ပုံတင်သက်တမ်းတိုးလုပ်ငန်းတွေ၊ ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုတာတွေ၊ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတာတွေကို ကျွန်တော်တို့ရပ်ဆိုင်းထားခဲ့ပါတယ်။ အဲဒီကာလမှာ ပြည်သူတွေကို ဝန်ဆောင်မှုပေးတာရပ်ဆိုင်းပေမယ့် ကျွန်တော်တို့ရုံးတွေကတော့ လူအင်အားတစ်ဝက်နဲ့ လုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်။ ဇွန်လ (၁) ရက်နေ့ကမှ ဝန်ထမ်းအင်အားအပြည့်နဲ့ ဝန်ထမ်းတွေရုံးတက်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ရုံးလုပ်ငန်းတွေစတင်တဲ့အခါ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့အစည်းနဲ့ ပြည်ထောင်စုဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ရဲ့ သဘောတူခွင့်ပြုချက်တွေနဲ့ ရုံးတွေပြန်လည်ဖွင့်လှစ်ခွင့်ရတဲ့ရက်ကျရင် ဖွင့်လှစ်နိုင်အောင် ကျွန်တော်တို့အနေနဲ့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။”

ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသိန်းထွဋ်မှ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ထို့အပြင် ရုံးပိတ်ရက်ကာလအတွင်း သက်တမ်းကျော်လွန်သွားသော မော်တော်ယာဉ်များကို ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူးမှ ပြောကြားခဲ့သည်။
COVID -19 ကာလအတွင်း သက်တမ်းကျော်လွန်သွားသောမော်တော်ယာဉ်အရေအတွက်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးတွင် လစဉ် စီးရေ ၁၀,၀၀၀ ကျော်ခန့်ရှိပြီး အခြားခရိုင်ရုံးများတွင် စီးရေ ၅,၀၀၀ ကျော်ခန့်ရှိကြောင်း တိုင်းဦးစီးမှူးမှ ထပ်မံပြောကြားခဲ့သည်။

Author