မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးခြင်းလာရောက်ဆောင်ရွက်သောယာဉ်များကို ဒဏ်ကြေးငွေ ကောက်ခံမှုမရှိကြောင်း

0

Full article

၂၀၂၀ ခုနှစ်အတွင်း မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးခြင်းလာရောက်ဆောင်ရွက်သောယာဉ်များကို ယာဉ်ပိုင်ရှင်အမည်ပေါက်မမှန်ကန်ပါက ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲပြီးမှသာ နှစ်လဲသက်တမ်းတိုးခြင်းကိုဆောင်ရွက်ပေးသော်လည်း ဒဏ်ကြေးငွေ ကောက်ခံမှုမရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။


“၂၀၂၀ ဇန်နဝါရီလထဲမှာ သက်တမ်းလာတိုးတဲ့ယာဉ်တွေကို ပိုင်ရှင်အမည်ပေါက်မမှန်ရင် အမည်ပြောင်းဖို့ ပြန်လည်စေလွှတ်ပါတယ်။ အမည်ပေါက်ပြောင်းပြီးမှ သက်တမ်းတိုးတာကို ဆက်လက်ဆောင်ရွက်ပေးပါတယ်။ ဒဏ်ကြေးငွေတော့ မကောက်ခံပါဘူး။ ရှေ့ကိုလည်း ဒီအတိုင်းပဲဆက်လုပ်သွားမှာပါ။”

ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှ ပြောကြားခဲ့သည်။ ထို့အပြင်...

“အရင်ကဆို ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲတာဟာ တစ်လမှာ အစီးရေ ၂၀၀ လောက်ပဲရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ သုံးလအတွင်း အစီးရေ တစ်သောင်း နီးပါးလောက် အမည်ပေါက်လာပြောင်းကြတာကို အားရစရာတွေ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ပထမအပတ်မှာတော့ ပိတ်ရက်များတဲ့အတွက် ၃ ရက်ပဲ အလုပ် လုပ်ရက်ရှိပါသေးတယ်။ ဒီ ၃ ရက်အတွင်းမှာလည်း ယာဉ်အစီးရေ တစ်ထောင်လောက် အမည်ပေါက်လာပြောင်းကြပါတယ်။”

ဟု ထပ်မံပြောကြားခဲ့သည်။

ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲရာတွင် လက်ရှိနေထိုင်ရာနေရာတွင် သန်းခေါင်စာရင်းမရှိပါကလည်း ရပ်ကွက်/ကျေးရွာ ထောက်ခံစာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါကလည်း ဌာန၏ထောက်ခံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲရာတွင် ယာဉ်ပိုင်ရှင်၏ မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်း၊ ရပ်ကွက် ထောက်ခံစာပါရှိ၍ ပြည်တွင်းအခွန်ဦးစီးဌာနတွင် အမည်ပြောင်းခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားအခွန်ပုံစံ (၁) အခွန်စိမ်းစာရွက်နှင့် ယာဉ်ပိုင်ရှင်၏ခံဝန်ချက် လိုအပ်မည်ဖြစ်ကြောင်း၊ သက်တမ်းရှိယာဉ်ဖြစ်ပါက ယာဉ်ပါစရာမလိုအပ်ကြောင်း သိရသည်။

Author