ယာဉ်ပိုင်ရှင်အမည်ပေါက်နှင့် နေရပ်လိပ်စာမှန်ကန်ရေးကိုပထမအဆင့်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရာသက်ပန်အငှားယာဉ်များနှင့် ကုမ္ပဏီအမည်ပေါက်ယာဉ်များကိုလည်း အမည်ပြောင်းဆောင်ရွက်ခွင့်ပေးမည်

0

Full article

ယာဉ်ပိုင်ရှင်အမည်ပေါက် နှင့်နေရပ်လိပ်စာ မှန်ကန်ရေးကို ပထမအဆင့်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်ဝင်၊ နယ်ထွက် ကိစ္စရပ်သည် နောက် တစ်ပိုင်းဖြစ်ကြောင်း၊ AA , BB စသည့် ရာသက်ပန် အငှားယာဉ်များနှင့် ကုမ္ပဏီပေါက်ယာဉ်များကိုလည်း အမည်ပြောင်းဆောင်ရွက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။


“ကျွန်တော်တို့ကိုမေးတာတွေလည်းရှိပါတယ်။ ဥပမာ ပဲခူးမှာ မှတ်ပုံတင်ထားတဲ့ယာဉ်တစ်စီးကို ရန်ကုန်ကနေဝယ်လိုက်တယ်ဆိုရင် ရန်ကုန်လိပ်စာ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း အတိုင်းအမည်ပြောင်းဆောင်ရွက်ပါ။ ပြီးမှ ပဲခူးမှာ ရန်ကုန်လိပ်စာအတိုင်း ယာဉ်မှတ်ပုံတင်ခြင်းကိုဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ နယ်ဝင်၊ နယ်ထွက်ကိစ္စကတော့ နောက်တစ်ပိုင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ယာဉ်မှတ်ပုံတင်တဲ့နေရာမှာ ယာဉ်ပိုင်ရှင်အမည်ပေါက်နဲ့နေရပ်လိပ်စာ မှန်ကန်ရေးကို ပထမအဆင့်နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်”

ဟု ရန်ကုန်တိုင်းကညန ညွှန်မှူး ဦးလျန်ကျင့်မန်မှ ၂၀၁၉ အောက်တိုဘာလ ၂၅ ရက်နေ့တွင်ပြောကြားခဲ့သည်။

ထို့အပြင် ယခင်က တိုင်းဒေသကြီး/ ပြည်နယ်အစိုးရထောက်ခံချက်ဖြင့် ကုမ္ပဏီအမည်ပေါက်တင်သွင်းလာသော AA , BB စသည့် ရာသက်ပန် Taxi ယာဉ်များကို  “နေရပ်မပြောင်းရ၊ ကိုယ်ပိုင်ယာဉ်အဖြစ်ပြောင်းလဲခွင့်မပြု”  ကန့်သက်ချက်ဖြင့်မှတ်ပုံတင်ပေးခဲ့သော်လည်း ယခုအခါ ယာဉ်ပိုင်ရှင်အမည်ပေါက်နှင့်နေရပ်လိပ်စာမှန်ကန်ရေးကို အဓိကဦးစားပေးဆောင်ရွက်ရမည်ဖြစ်သဖြင့် အဆိုပါ AA , BB ယာဉ်များစသည့်ယာဉ်များကို အခွန်ပေးဆောင်စေကာ ပိုင်ရှင်အမည်နှင့်နေရပ်လိပ်စာ အမှန်သို့ ပြောင်းလဲဆောင်ရွက်ရန်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။ သို့သော် လက်ရှိဒေသ Code ပါ ယာဉ်မှတ်ပုံတင်နံပါတ်ကို ပြောင်းလဲခွင့်ပြုမည်မဟုတ်ပဲ ယာဉ်ပိုင်ရှင်၏ နေရပ်လိပ်စာအမှန်ကိုသာ မူလမှတ်ပုံတင်ရုံးတွင်ထည့်သွင်း မှတ်တမ်းတင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်ကာ မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများဖြစ်သည့် ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ ယာဉ်မှန်/မမှန် စစ်ဆေးခြင်း၊ နယ်ဝင်၊ နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ စက်၊ ဆေး ၊ ပြောင်းလဲခြင်း၊ မှတ်ပုံတင်အထောက်အထားပျောက်ဆုံးခြင်း စသည်တို့ဆောင်ရွက်ပါက အမည်ပေါက်ယာဉ်ပိုင်ရှင်ကိုယ်တိုင် (သို့မဟုတ်) အမည်ပေါက်ယာဉ်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ပြီး တင်ပြနိုင်ခြင်းမရှိပါက ယာဉ်လက်ဝယ်ရှိသူ၏ အမည်သို့ပြောင်းရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဝင်ငွေခွန်ပေးဆောင်စေမည်ဖြစ်သည့်အပြင် လက်ရှိကျင့်သုံးနေသော ၂၀၁၅ မော်တော်ယာဉ်ဥပဒေအရ ဒဏ်ငွေ တစ်သိန်းကျပ်ကို ပေးဆောင်ရမည်ဖြစ်ကြောင်း ကညန ထံမှသိရသည်။

Author