ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို ဇွန်လ ၈ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်သွားမည်

0

Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို ၈-၆-၂၀၂၀ ရက်နေ့တွင်ပြန်လည်စတင်မည်ဖြစ်ပြီး ယာဉ်စစ်ဆေးလိုသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် ၅-၆-၂၀ ရက်နေ့ကတည်းက online booking စတင်ယူနိုင်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ပြန်လည်စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝန်ဆောင်မှုရပ်ဆိုင်းထားသည့် ကာလအတွင်း ယာဉ်မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား သတ်မှတ်ကာလအတွင်း နှစ်လဲသက်တမ်းတိုးခြင်းကိုဆောင်ရွက်ရမည် ဖြစ်ပြီး အချိန်မီလာရောက်ဆောင်ရွက်ခြင်းမပြုပါက ဒဏ်ကြေားလျှော့ပေါ့ခွင့်ရမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။ မတ်လနှင့် ဧပြီလများတွင် သက်တမ်းကုန်ခဲ့သည့်ယာဉ်များသည် ၈-၆-၂၀၂၀ ရက်နေ့မှ ၃၁-၈-၂၀၂၀ ရက်နေ့အတွင်း၊ မေလ အတွင်း သက်တမ်းကုန်ခဲ့သည် ယာဉ်များသည် ၈-၆-၂၀၂၀ ရက်နေ့မှ ၃၁-၈-၂၀၂၀ ရက်နေ့အတွင်း၊ ဇွန်လ တွင် သက်တမ်းကုန်ခဲ့သည့်ယာဉ်များသည် ၈-၆-၂၀၂၀ ရက်နေ့မှ ၃၀-၉-၂၀၂၀ ရက်နေ့အတွင် အသီးသီး နှစ်လဲသက်တမ်းလာရောက်တိုးရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ရွာသာကြီးရုံး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်ရုံး၊ တောင်ပိုင်းခရိုင်ရုံးနှင့် မြောက်ပိုင်းခရိုင်ရုံးများ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများ၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးတို့တွင် ယာဉ်စစ်ဆေးမည့် ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိတို့စစ်ဆေးလိုသည့်ရက်များကို ၅-၆-၂၀၂၀ ရက်နေ့မှစတင်ပြီး online booking ကို အနည်းဆုံး (၁) ရက်မှ အများဆုံး (၃၀) ရက်အထိ ကြိုတင်ရယူနိုင်ပြီး လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ကြိုတင်စုဝေးခြင်းမပြုလုပ်ပဲ သတ်မှတ်ချိန်တွင်သာ လာရောက်ဆောင်ရွက်ကြရန်ကိုလည်း အသိပေးထုတ်ပြန်ထားပါသည်။


ကညန ရုံးများ၏ ဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးပြီဖြစ်သော်လည်း ယာဉ်မောင်းလိုင်စင်သစ်ဖြေဆိုခြင်းကိုမူ ဆောင်ရွက်၍ မရသေးကြောင်းသိရပြီး ရန်ကုန်တိုင်းနှင့်မန္တလေးတိုင်းအတွင်းရှိရုံးများသည် အပတ်စဉ် စနေနေ့တွင်ပါ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလ နောက်ဆုံးပတ်အထိ online booking ရယူနိုင်ကြောင်းသိရသည်။

Author