နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးခွင့်ပြုမိန့် (Road Transport Permit) နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန်အသိပေးထား

0

Full article

နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးခွင့်ပြုမိန့် (Road Transport Permit) နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ပြန်အသိပေးထားသည်။

သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များမှာ အမျိုးသားပို့ဆောင်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့သည် ထောက်ခံတင်ပြလာသောလုပ်ငန်းရှင်များအား သက်တမ်း (၁) နှစ်ရှိသော နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးခွင့်ပြုမိန့်ကို ထုတ်ပေးမည်ဖြစ်သည်။ သက်တမ်းကုန်ဆုံး၍ ပြန်လည်လျှောက်ထားရာတွင် မူလခွင့်ပြုမိန့်သက်တမ်းဖြင့် တစ်ဆက်တည်းဆောင်ရွက်လိုပါက ခွင့်ပြုမိန့်သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း (၃၀) ကြိုတင်ပြီးလျှောက်ထားရမည်ဖြစ်သည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံကြား မော်တော်ယာဉ်ဝင်/ထွက်သွားလာရမည့်လမ်းကြောင်းများမှာ မြန်မာဘက်ခြမ်း၌ မြဝတီ၊ ထိုင်းနိုင်ငံဘက်ခြမ်း၌ မဲဆောက်ဖြစ်ပြီး မြန်မာဘက်လမ်းကြောင်းအနေဖြင့် မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ဇာသပြင်-မော်လမြိုင် နှင့် မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ဇာသပြင်- အိန္ဒု-ဘားအံ-သထုံ-ကျိုက်ထို-သိမ်ဇရပ်-ဝေါ-ဘုရားကြီး-ပဲခူး-ရန်ကုန်-သီလဝါ တို့ဖြစ်ပြီး ထိုင်းဘက်လမ်းကြောင်းများမှာ မဲဆောက်-မစ္စနလော-ခုန်ခမ်း-ကုလားဆင်-မုဒဟန် နှင့် မဲဆောက်-ဘန်ကောက်-လန်ချဘန် တို့ဖြစ်ကြသည်။

နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးခွင့်ပြုမိန့် (Road Transport Permit) နှင့် မော်တော်ယာဉ်ယာယီဝင်ခွင့်လက်မှတ် (Temporary Admission Document–TDA) တို့ကို ယာဉ်နှင့်အတူ အစဉ်အမြဲပါရှိရမည်ဖြစ်သည်။ မဲဆောက်ဂိတ်နှင့် မြဝတီ ဂိတ်များမှ ဝင်/ထွက်မည့်ယာဉ်များသည် မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဝင်/ထွက်ရမည်ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်သူသည် တစ်ဖက်နိုင်ငံ၏ ပြည်တွင်းဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ကာ ဖောက်ဖျက်ပါက တည်ဆဲဥပဒေများအတိုင်း အရေးယူခံရမည်ဖြစ်ပြီး Permit ကိုလည်းဖျက်သိမ်းသွားမည်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးခွင့်ပြုမိန့်ကို ထုတ်ပေးသည့်နေ့မှ (၆) လအတွင်း အသုံးမပြုလျှင်ဖြစ်စေ၊ ကျန် (၆) လအတွင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ခိုင်လုံသောအထောက်အထားမပြနိုင်လျှင်ဖြစ်စေ ခွင့်ပြုမိန့်ကို ပယ်ဖျက်သိမ်းဆည်းခြင်းခံရမည်ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနသည် ၂၀၁၆ ခုနှစ်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဟာမဲခေါင်ဒေသခွဲအတွင်း ကုန်စည်နှင့်လူများ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မည့် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းလိုင်စင်များထုတ်ပေးလျက်ရှိပြီး လုပ်ငန်းရှင်များ၏ ပို့ဆောင်ရေးလုပ်ငန်းစွမ်းဆောင်ရည်အပေါ်စိစစ်ကာ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးခွင့်ပြုမိန့်ကို ဝန်ကြီးရုံးသို့ ထောက်ခံတင်ပြရမည်ဖြစ်သည်။ ထိုသို့ ထောက်ခံတင်ပြခြင်းမပြုမီ အထက်ပါအချက်များကို သိရှိထားရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) မှ အသိပေးထုတ်ပြန်ထားသည်။

Author