ယာဉ်ပိုင်ရှင်အမည်ပေါက်မှန်ကန်ရေးကြိုးပမ်းမှုဆောင်ရွက်သွားမည့်အပေါ် ကညန၏ ရပ်တည်ချက်နှင့် ဦးတည်ချက်တို့အား အသိပေးတင်ပြ

0

Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်ပိုင်ရှင်အမည်ပေါက်မှန်ကန်ရေးကြိုးပမ်းမှုဆောင်ရွက်သွားမည့်အပေါ်တွင် ဝေဖန်နေမှုများနှင့်စပ်လျဉ်း၍  ဌာန၏ ရပ်တည်ချက်နှင့်ဦးတည်ချက်ကို  အသိပေးတင်ပြချက်တစ်ခု ထုတ်ပြန်ထားပါသည်။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်ပိုင်ရှင်အမည်ပေါက်မှန်ကန်ရေးကြိုးပမ်းဆောင်ရွက်သွားမည့် အစီအစဉ်အပေါ်မှာ အပြစ်အမျိုးမျိုး တင်နေကြတာကို သတိထားမိပါတယ်။ အချို့က အပြုသဘောနဲ့ရှုမြင်နားလည်လက်ခံတာရှိသလို အချို့ကျတော့လည်း ဌာနရဲ့ရယ်ရွယ်ချက်အမှန်ကို သဘောမပေါက်နိုင်သေးတာတွေ့ရပါတယ်။
တကယ်တော့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဆိုတာ ယာဉ်တွေကို ကြီးကြပ်စီမံခန့်ခွဲတဲ့ဌာန၊ တစ်နည်းအားဖြင့် ယာဉ်တွေကို တရားဝင်ဖြစ်အောင်မှတ်ပုံတင်ပေးတဲ့၊ ယာဉ်တွေကို လုံခြုံစိတ်ချစွာမောင်းနှင်အသုံးပြုနိုင်မှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ပေးတဲ့၊ ယာဉ်မောင်းလိုင်စင်တွေကို စစ်ဆေးထုတ်ပေးတဲ့ ဦးစီးဌာနတစ်ခုသာ ဖြစ်ပါတယ်။ စီးပွားရှာတဲ့ဌာန၊ ငွေရှာတဲ့ဌာနမဟုတ်ပါဘူး။ ပြောချင်တာက အခွန်ငွေရရှိရေးဆိုတာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ interest မဟုတ်ဘူးဆိုတာပါပဲ။ (အချို့တွေက အခွန်ငွေလိုချင်လို့ လုပ်တယ်ပြောနေကြလို့ပါ။)


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ အဓိက ရည်ရွယ်ချက်က ယာဉ်တိုင်းကို ပိုင်ရှင်အမည်ပေါက်မှန်စေချင်တာပါပဲ။ ယာဉ်မတော်တဆမှုတစ်ခုဖြစ်တယ်၊ ယာဉ်ကိုအသုံးပြုပြီးမှုခင်းတွေကျူးလွန်တယ်၊ ရဲကလိုက်လာတယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို အဲဒီယာဉ်ရဲ့မှတ်တမ်း၊ ယာဉ်ပိုင်ရှင်ကို လာစုံစမ်းတယ်။ အဲဒီမှာ အခက်တွေ့တော့တာပါပဲ။ ယာဉ်ကသာ ပိုင်ရှင်လေးငါးခြောက်ဆက်ပြောင်းခဲ့တာ။ ပိုင်ရှင်အမည်ကို မပြောင်းခဲ့ကြတော့ ရဲလည်းလက်မှိုင်ချ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနလည်း မျက်နှာမကောင်းတော့ပါဘူး။ (မှားမှန်း သိပေမဲ့ မပြင်နိုင်ခဲ့ကြတဲ့ကာလ)။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ယာဉ်နဲ့ယာဉ်ပိုင်ရှင်အမည်ပေါက်ဟာ ယခင်က ရာနှုန်းပြည့်နီးပါးမှန်ကန်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်လောက်ကစပြီး ဝယ်ယူခွန်ဆောင်ပြီးမှ ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းပေးရမယ်ဆိုတဲ့ ဝန်ကြီးဌာနချင်းချိတ်ဆက်မှုအရ ပြည်သူတွေက အခွန်မဆောင်ချင်ကြတာနဲ့ တဖြေးဖြေး လျော့ရဲလာပြီး ဒီနေ့အခြေအနေမျိုး ရောက်ခဲ့ရတာပါ။ အမှန်တော့ အခွန်ကိစ္စကသတ်သတ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကိစ္စကသတ်သတ် ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ မဖြစ်ခဲ့ပါဘူး။ မဖြစ်ခဲ့တော့ ဒီနေ့ဒီအခြေဆိုက်ခဲ့ပါတယ်။ ပြောရရင် သိသာတဲ့ ရာခိုင်နှုန်းအထိ အမည်ပေါက်မမှန်ကန်တော့ပါဘူး။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့လည်း  ယာဉ်ပိုင်ရှင်တွေရဲ့ အခက်အခဲကို နားလည်စာနာပေးတဲ့အနေနဲ့ အခွန်ဆောင်ပြီး အမည်ပေါက်မဖြစ်မနေ ပြောင်းကြဖို့ ဖိအားပေးမှု ဘာတစ်ခုမှမလုပ်ခဲ့ပါဘူး။ ပြည်သူတွေက အခွန်နှုန်းကိုမြင်ပြီး အခွန်မဆောင်ချင်ကြဘူး။ အခွန်မဆောင်တော့ အမည်ပေါက်မပြောင်းကြဘူး။ ကျွန်တော်တို့ကရော ဘာများတတ်နိုင်မှာတဲ့လဲ။ တဖြည်းဖြည်း နဲ့အမည်ပေါက်လွဲမှားနေတာတွေ များသထက်များလာတော့တာပါပဲ။

မကြာခင် မြန်မာနိုင်ငံမှာ Radio Frequency Identification ( RFID) System ကိုတပ်ဆင်အသုံးပြုတော့မှာပါ။ အခု အကြံပေးကုမ္ပဏီမှ Feasibility Site Survey လုပ်နေပြီး ၂၀၂၀ နှစ်ဆန်းပိုင်းလောက်ဆိုရင် တင်ဒါလုပ်ငန်းတွေ စတော့မှာဖြစ်ပါတယ်။ RFID စနစ်ကျင့်သုံးတဲ့အခါ ယာဉ်ရဲ့အချက်အလက်အားလုံး ထည့်သွင်းမှတ်တမ်းတင်ထားပြီး အဲဒီအချက်အလက်နဲ့ ကွဲလွဲတာနဲ့ နောက်ဆက်တွဲကိစ္စတွေ ပါလာမှာဖြစ်ပါတယ်။ ဒါကြောင့် RFID စနစ်မစတင်မီ ယာဉ်ပိုင်ရှင် အမည်ပေါက်မှန်ကန်အောင်ဆောင်ရွက်ထားဖို့ နှိုးဆော်တဲ့ကိစ္စဟာ ယာဉ်ပိုင်ရှင်တွေအပေါ် အချို့သူတွေပြောကြသလို တမင်ပြဿနာ ရှာတာမဟုတ်ပဲ နောင်လာမယ့်ကာလအတွက် အခက်အခဲမရှိအောင် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတစ်ရပ်သာဖြစ်ပါတယ်။ ဌာနရဲ့ လစ်ဟာနေတဲ့ ကွက်လပ်ကို အချိန်မီပြုပြင်ဖြည့်စွက်နိုင်အောင် ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ အပြုသဘော လက်ခံပေးကြစေလိုပါတယ်။ နှစ်ပေါင်းများစွာ အမည်ပေါက်မမှန်ကန်ခဲ့တော့ အခုမှ မှန်အောင်ပြန်လုပ်တဲ့အခါမှာ အခက်အခဲတွေ၊ အားနည်းချက်တွေရှိမှာအမှန်ပါပဲ။ မြန်မာနိုင်ငံရဲ့ Automobile Industry ဟာ စနစ်တကျ ပုံမှန်ဖွံ့ဖြိုးလာတဲ့အနေအထား မဟုတ်ပါဘူး။ ကားနဲ့ပတ်သက်ပြီး ပိတ်တုန်းက အတင်းအကြပ်ပိတ်ထားခဲ့ပြီး ဖွင့်တော့လည်း ဒလဟော ဖွင့်ချခဲ့တဲ့နိုင်ငံပါ။ ဒါအပြင် ကောင်းနိုးရာရာ၊ သင့်နိုးရာရာ၊ ဟိုလို သတ်မှတ်လိုက်၊ ဒီလိုခွင့်ပြုလိုက်နဲ့ နောင်ကျတော့ ဖြေရှင်းရခက်တဲ့ အခြေအနေတွေလည်းရှိပါတယ်။

အခုပိုင်ရှင်အမည်ပေါက်ပြောင်းရေးကိစ္စဟာလည်း ဒီသဘောပါပဲ။ နှစ်ပေါင်းများစွာ လွဲမှားနေတဲ့ အခြေအနေကနေ၊ ပိုင်ရှင်အမည်ပေါက်မှန်အောင် ကျွန်တော်တို့ ပြောင်းလဲသင့်ပါပြီ။ ကျွန်တော်တို့ပြောင်းကြရပါမယ်။


အခုလို “စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေ” (စကလက) အခွန်လျော့ပေးထားတဲ့ ကာလကို အခွင့်ကောင်းယူပြီး အမည်ပြောင်းကြဖို့ တိုက်တွန်းပါတယ်။ အခြေအနေမှန်ကို သုံးသပ်နားလည်တဲ့ ယာဉ်ပိုင်ရှင် အတော်များများ အမည်ပြောင်းနေကြပါပြီ။ အမည်ပြောင်းရာမှာ အခွန်ကိစ္စဟာ အခွန်ဌာနနဲ့ပဲ သက်ဆိုင်ပါတယ်။ ကညန အနေနဲ့ အမည်ပြောင်းခ (၅၀၀၀) ကျပ်နဲ့ပဲ ဝန်ဆောင်မှုပေးနေပါတယ်။ (ဒါဟာလည်း ဟိုးတုန်းကတည်းက နှုန်းထားပါ)။


အမည်ပြောင်းကိစ္စနဲ့ဆိုင်တဲ့  လုပ်ထုံးလုပ်နည်းအပိုင်းမှာလည်း ဒါမှဒါပဲ ဆိုတဲ့ Rigid ဖြစ်တာမျိုးမရှိပါဘူး။ ပြည်သူ့ဘက်၊ ဌာနဘက်၊ နိုင်ငံတော်ဘက် မျှမျှတတ စဉ်းစားပြီးလုပ်ဆောင်ပေးသွားမှာပါ။ ကညန ဟာ ပြည်သူကို စိတ်ညစ်အောင်၊ ကြပ်တည်းအောင်လုပ်တဲ့ ဌာနမဟုတ်ပါဘူး။ ယာဉ်ပိုင်ရှင်အားလုံးအဆင်ပြေစေချင်တာ၊ စိတ်ချမ်းသာစေချင်တာပါ။ တစ်ဖက်ကလည်း ဥပဒေနဲ့ညီတဲ့ စည်းကမ်းတကျရှိတဲ့ ယာဉ်တွေ၊ ယာဉ်ပိုင်ရှင်တွေ ဖြစ်စေချင်တာပါ။ ဒါကို ချိန်ဆပြီး အတတ်နိုင်ဆုံးမျှတအောင် ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ တရားဝင်ယာဉ်တိုင်း ယာဉ်ပိုင်ရှင်အမည်ပေါက် မှန်ကန်အောင် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့။


                                                                          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

Author