မော်တော်ယာဉ်များတွင် ရောင်ပြန်ပြားများတပ်ဆင်သွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ က.ည.န မှ သတင်းထုတ်ပြန်ကြေညာထား

0

Full article


မော်တော်ယာဉ်များတွင် ရောင်ပြန်ပြားတပ်ဆင်မှု မရှိခြင်း၊ တပ်ဆင်ထားသော်လည်း သတ်မှတ်ရောင်ပြန်ပြား မဟုတ်ခြင်း၊ ပျက်စီးနေခြင်း၊ အရည်အသွေး မပြည့်မီခြင်း၊ ညဘက်အချိန်တွင် ရောင်ပြန်ပြားမှ အရောင်ပြန်မှု လုံလောက်ခြင်းမရှိသည့် ရောင်ပြန်ပြားများတပ်ဆင်ထားသည့်ယာဉ်များကို သတ်မှတ်ထားသော ရောင်ပြန်ပြားများတပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

မော်တော်ယာဉ်များတွင် ရောင်ပြန်ပြားများတပ်ဆင်ထားမှုမရှိခြင်း၊ တပ်ဆင်ထားသော်လည်း အရည်အသွေးပြည့်မီသည့်ရောင်ပြန်ပြား မဟုတ်ပါကလည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) ကို ထိခိုက်စေသည့်အတွက် မာ်တော်ယာဉ်များကိုစစ်ဆေးရာတွင် မော်တော်ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ရောင်ပြန်ပြားတပ်ဆင်ထားမှုမရှိခြင်း၊ ရောင်ပြန်ပြားတပ်ဆင်ထားသော်လည်း သတ်မှတ်ရောင်ပြန်ပြားမဟုတ်ခြင်း၊ ပျက်စီးနေခြင်း၊ အရည်အသွေးမပြည့်မီခြင်း၊ ညအချိန် ယာဉ်မောင်းနှင်ရာတွင် ရောင်ပြန်ပြား၏အရောင်ပြန်မှုသည် သိသာထင်ရှားစွာအရောင်ပြန်မှုမပေးနိုင်ခြင်း စသည့်အခြေအနေတစ်ရပ်ရပ်တွင် ရောင်ပြန်ပြားများတပ်ဆင်ခြင်းလုပ်ငန်းကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။

သတ်မှတ်ရောင်ပြန်အမျိုးအစားနှင့် ဈေးနှုန်းများမှာ Type A ကို တင်အား (၁) တန်နှင့်အထက် ဗင်၊ လိုက်ထရပ်၊ လယ်ယာသုံးထရပ်ယာဉ်များ၊ ထရပ်နှင့် ကုန်လေးတင်ယာဉ်များ၊ မီးသတ်ယာဉ်၊ သူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်မှအပ ကျန်အခြားအုပ်စုဝင် နောက်တွဲယာဉ်များတွင် တပ်ဆင်ရမည်ဖြစ်ပြီး ဈေးနှုန်း ၆,၀၀၀ ကျပ်၊ Type B ကို တင်အား (၁) တန်အထိ ဗင်၊ လိုက်ထရပ်နှင့် လယ်ယာသုံးထရပ်ယာဉ်များ ပစ်ကပ်ယာဉ်များ တွင်တပ်ဆင်ရမည်ဖြစ်ပြီး ဈေးနှုန်းမှာ ၃,၀၀၀ ကျပ်၊ Type C မှာ မိုက်ခရိုဘက်စ်၊ မီနီဘက်စ် နှင့်ဘက်စ်အမျိုးအစား ခရီးသည်တင်ယာဉ်များ၊ အခြားအုပ်စုဝင်မှ သူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်များ၊ ဘေးခုံတန်းဖြင့် ခရီးသည်တင်ပြေးဆွဲနေသည့် ပစ်ကပ်၊ လိုက်ထရပ်နှင့် ထရပ်ယာဉ်များတွင် တပ်ဆင်ရမည်ဖြစ်ပြီး ဈေးနှုန်းမှာ တစ်စုံလျှင် ၇,၀၀၀ ကျပ်၊ Type D ကို သုံးဘီး၊ သုံးဘီးဆိုင်ကယ်များနှင့် ထရော်လာဂျီအုပ်စုဝင်ယာဉ်များတွင် တပ်ဆင်ရမည်ဖြစ်ပြီး ဈေးနှုန်းမှာ တစ်စုံလျှင် ၂,၀၀၀ ကျပ်၊ Type E ကို မော်တော်ဆိုင်ကယ်များတွင် တပ်ဆင်ရမည်ဖြစ်ပြီး ဈေးနှုန်းမှာ ၅၀၀ ကျပ်တို့ အသီးသီး ဖြစ်ကြကြောင်းသိရသည်။

လတ်တလောတွင် က.ည.န ရုံးများတွင် လာရောက်သက်တမ်းတိုးသောယာဉ်များအား ငွေသွင်းစေပြီး တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ သီးခြားအနေဖြင့် တပ်ဆင်လိုပါကလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စတင်ကြေညာသည့် ၂-၉-၂၀၁၉ မှ ၄-၉-၂၀၁၉ ထိတွင် ယာဉ်စီးရေ ၇၀၀ ခန့်ကို ရောင်ပြန်ပြားများတပ်ဆင်ပေးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းညွှန်ကြားရေးမှုး ဦးလျန်ကျင့်မန် ထံမှသိရသည်။

Author