အခွန်နှုန်းထားများဖြေလျှော့ပေးနေသည့်ကာလအတွင်း မော်တော်ယာဥ်များကို မိမိအမည်ပေါက် လာရောက်ပြောင်းလဲဆောင်ရွက်ကြရန် တိုက်တွန်း

0

Full article

အခွန်နှုန်းထားများဖြေလျှော့ပေးနေသည့်ကာလအတွင်း မော်တော်ယာဥ်များကို မိမိအမည်ပေါက် လာရောက်ပြောင်းလဲဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွန်ကြားရေးမှူးမှ တိုက်တွန်းပြောကြားလိုက်သည်။

“၂၀၁၉ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၀ စက်တင်ဘာလကုန်အထိ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း ဖြေလျှော့ပေးထားတာဖြစ်ပါတယ်။ အဲဒါကြောင့် မော်တော်ယာဥ်ပိုင်ရှင်တွေအနေနဲ့ မိမိအမည်မပေါက်ရင် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မိမိအမည်ပေါက် လာပြောင်းကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီတစ်နှစ်အတွင်းမှာ သိန်း ၁,၀၀၀ အထိကို ၁၅ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းကို လျှော့ချပေးထားတာဖြစ်ပါတယ်။ ၂၀၂၀ အောက်တိုဘာလ နောက်ပိုင်းမှာ ဆက်ပြီးဖြေလျှော့ပေး/မပေးဆိုတာ မသေချာပါဘူး။ တကယ်လို့ နောက်ဘဏ္ဍာရေးနှစ်မှာ ဆက်ပြီးမဖြေလျှော့ပေးတော့ဘူးဆိုရင် ၁၅ ရာခိုင်နှုန်း ပြန်ဆောင်ရပါလိမ့်မယ်။ နောက်တစ်ချက်က ကျွန်တော်တို့အနေနဲ့ နောင်တစ်ချိန်မှာ RFID (Radio Frequency Identification) စနစ် တပ်ဆင်မှာဖြစ်ပါတယ်။ အဲဒီစနစ်တပ်ဆင်တဲ့အခါမှာလည်း မော်‌တော်ယာဥ်တွေဟာ ပိုင်ရှင်အမည်ပေါက်မှန်ကန်မှ လုပ်လို့ရမှာဖြစ်ပါတယ်။ ဌာနအနေနဲ့လည်း ယာဥ်ပိုင်ရှင်အမည်မှန်ဖို့ကို ဆက်လုပ်ဖို့ရှိပါတယ်။ အခုထပ်မံရေးဆွဲနေတဲ့ မော်တော်ယာဥ်ဥပဒေအသစ်ကို မကြာခင် လွှတ်တော်မှာဆွေးနွေးပြဋ္ဌာန်းသွားမှာပါ။ အဲဒီ ဥပဒေမှာလည်း မော်တော်ယာဥ်မှာ ယာဥ်ပိုင်ရှင်အမည်ပေါက်မှန်ကန်ဖို့ကို ထပ်မံထည့်သွင်းရေးဆွဲထားပြီး ဒဏ်ကြေးလည်းတိုးမြှင့်သတ်မှတ်သွားဖို့ရှိပါတယ်။ ဒါကြောင့် ယာဥ်ပိုင်ရှင်တွေအနေနဲ့ အခွန်နှုန်းထားဖြေလျှော့ထားတဲ့ကာလမှာ  ယာဥ်တွေကို မိမိအမည်ပေါက်လာရောက်ပြောင်းလဲကြဖို့ မီဒီယာကတစ်ဆင့် တိုက်တွန်းလိုပါတယ်။”

ဟု ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကညန တိုင်းညွှန်မှူး ဦးလျန်ကျင့်မန်မှ ပြောကြားခဲ့သည်။

လက်ရှိကျင့်သုံးနေသော ၂၀၁၅ မော်တော်ယာဥ်ဥပဒေတွင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်သူအမည်ပြောင်းလဲရန်သတ်မှတ်ထားပြီး မလိုက်နာပါက ကျပ်တစ်သိန်း ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကာ ယခုရေးဆွဲထားသော ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှုဥပဒေကြမ်းတွင်လည်း ထိုအချက်ကို ထည့်သွင်းရေးဆွဲထားပြီး ဖောက်ဖျက်ပါက ဒဏ်ကြေးကို ကျပ် သုံးသိန်းထက်မပိုသောဒဏ်ကြေးသို့ တိုးမြှင့်ရေးဆွဲထားကြောင်းသိရသည်။

Author