ဝင်ငွေခွန်နှုန်းထားများ ဖြေလျှော့ပေးသည့်နေ့မှစတင်ကာ လက်ရှိအချိန်ထိ ရန်ကုန်တိုင်းအတွင်း၌ အမည်ပေါက်ပြောင်းသည့်ယာဉ်စီးရေ လေးထောင်ကျော်ခန့်ရှိ

0

Full article

ဝင်ငွေခွန်နှုန်းထားများ ဖြေလျှော့ပေးသည့်နေ့မှစတင်ကာ ရန်ကုန်တိုင်းအတွင်း၌ ဒီဇင်ဘာလ ပထမပတ်အထိ မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက် လာရောက်ပြောင်းသည့် ယာဉ်စီးရေ ၄,၀၀၀ ကျော်ခန့် ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ထံမှသိရသည်။


၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေခွန်နှုန်းထားများကို  ဖြေလျှော့ပေးသည့်နေ့မှစတင်ကာ ရန်ကုန်တိုင်းအတွင်း၌ မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲသည့် ယာဉ်စီးရေမှာတစ်ရက်လျှင် ယာဉ်စီးရေ ၂၀၀ ခန့် ရှိနေပြီး ဒီဇင်ဘာလ ပထမအပတ်ထိ ယာဉ်စီးရေ ၄,၀၀၀ ကျော်ခန့် လာရောက်အမည်ပေါက်ပြောင်းခဲ့ကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) ထံမှသိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်စီးရေမှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိစာရင်းများအရ ယာဉ်စီးရေ ၁,၁၀၄,၄၉၈ စီး ရှိနေပြီး၊ ရန်ကုန်တိုင်းအတွင်း၌ မော်တော်ယာဉ်စီးရေ ၅၄၆,၈၈၃ စီး ရှိနေပြီး ၎င်းတို့အနက် လူစီးမော်တော်ယာဉ်စီးရေ ၃၄၆,၇၀၉ စီးရှိနေကြောင်း ကညန ထံမှသိရသည်။ အဆိုပါမော်တော်ယာဉ်များအနက် ၂၀ ရာခိုင်နှုန်းခန့်သာပိုင်ရှင်အမည်ပေါက်မှန်ကန်ပြီး ကျန် ၈၀ ရာခိုင်နှုန်းမှာ ပိုင်ရှင်အမည်ပေါက် မမှန်ကန်ဟု ရန်ကုန်တိုင်း ကညန တိုင်းညွှန်မှူးမှ ခန့်မှန်းပြောဆိုခဲ့သည်။

လာမည့် ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်ကာ မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမည်ပေါက်ယာဉ်ပိုင်ရှင်ကိုယ်တိုင် သို့မဟုတ် အမည်ပေါက်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမူရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ပြီး တင်ပြနိုင်ခြင်းမရှိပါက ယာဉ်လက်ဝယ်ရှိသူ၏အမည်သို့ ပြောင်းရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဝင်ငွေခွန်ပေးဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

Author