လာမည့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နှစ်ရက်တွင်လည်း မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးသွားမည်

0

Full article

၂၀၁၉ ဒီဇင်ဘာလ နောက်ဆုံးအပတ်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ ကညန ရုံးများတွင် နှစ်လဲသက်တမ်းတိုးသည့်မော်တော်ယာဉ်စီးရေ မှာ တစ်ရက်လျှင် သောင်းဂဏန်း နီးပါးခန့်အထိရှိနေသည့်အတွက် ရှိသည့်ဝန်ထမ်းအင်အားနှင့် မနိုင်မနင်းဖြစ်နေရပြီး လာမည့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နှစ်ရက်တွင်လည်း မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကညန ညွှန်မှူးထံမှ သိရသည်။


၂၀၁၉ ဒီဇင်ဘာလနောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းအတွင်းရှိ ကညနရုံးများတွင် နှစ်လဲသက်တမ်းတိုးသည့်ယာဉ်အရေအတွက်မှာ အထူးများပြားလျက်ရှိကြောင်း ကညန ထံမှသိရသည်။

“ မော်တော်ယာဉ် ဥပဒေအရ နှစ်လဲသက်တမ်းတိုးမယ့်ယာဉ်တွေကိုသက်တမ်းကုန်မယ့်အချိန်ထက်  သုံးလကြိုပြီးသက်တမ်းတိုးခွင့်ပေးရပါတယ်။ ဒါကြောင့် မတ်လအထိ သက်တမ်းကုန်မယ့်ယာဉ်တွေကို ဆောင်ရွက်ပေးရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းအတွင်းမှာ တစ်ရက်ကို သက်တမ်းတိုးတဲ့ယာဉ်က အစီးရေ ၄,၀၀၀ ကျော်လောက်ရှိခဲ့ပြီး အခုရက်ပိုင်းဆို သောင်းဂဏန်းလောက်အထိကို ရှိလာပါပြီ။ သုံးလလောက်ယာဉ်စီးရေကို ရက်ပိုင်းအတွင်း ဆောင်ရွက်ပေးရတယ်ဆိုတော့ ရှိတဲ့ဝန်ထမ်းအင်အားနဲ့ မနိုင်မနင်းဖြစ်ရပါတယ်။ ဒီနေ့ဆို မနက် ၆ နာရီကတည်းက စပြီးဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် လာမယ့် စနေနေ့ (၂၈/၁၂/၂၀၁၉) နဲ့ တနင်္ဂနွေနေ့(၂၉/၁၂/၂၀၁၉) နေ့တွေမှာလည်းအစိုးရရုံးပိတ်ရက်ဖြစ်နေပေမဲ့  ဆောင်ရွက်ပေးသွားမှာပါ ယာဉ်စီးရေ အရမ်းများပြားတဲ့အတွက် ရှိတဲ့ဝန်ထမ်းအင်အားနဲ့ မမျှပါဘူး”

ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် မှပြောကြားခဲ့သည်။

ထို့အပြင် နှစ်လဲသက်တမ်းတိုးပြီးသည့်ယာဉ်များကို အခွန်နှုန်းလျော့ပေါ့ထားချိန်တွင် ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲကြရန်ကိုလည်း ရန်ကုန်တိုင်း ကညန ညွှန်မှူးမှ တိုက်တွန်းပြောကြားခဲ့သည်။

“ဒီလောက်ယာဉ်စီးရေများတာကလည်း လာမယ့်နှစ်ကျရင် သက်တမ်းတိုးတဲ့အခါ ပိုင်ရှင်အမည်ပေါက်မှန်ရမယ်ဆိုတဲ့အတွက်၊ မမှန်ရင် အခွန်ဆောင်စေပြီးမှ သက်တမ်းတိုးရမယ်ဆိုတဲ့အတွက် ဒီရက်ပိုင်းမှာ သက်တမ်းတိုးယာဉ်ပိုများလာရတာပါ။ ဒါပေမဲ့ယာဉ်ပိုင်ရှင်တွေကို သက်တမ်းတိုးပြီးရင်လည်း အခွန်နှုန်းလျော့ပေါ့ထားတုန်းမှာ အမည်ပေါက်လာပြောင်းကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုနေအခွန်ကနေလွတ်သွားပေမဲ့ နောင်ကျရင်လည်း ဒီယာဉ်သက်တမ်းတိုးတဲ့အခါ အခွန်ဆောင်ရမှာပဲလေ။ အခွန်နှုန်းထားလျှော့ထားတယ်ဆိုတာကလည်း ၂၀၂၀ စက်တင်ဘာလအထိပဲလေ။ အဲဒီနောက်ပိုင်းမှာ အရင်လို ၁၅ ရာခိုင်နှုန်း ပြန်ဖြစ်မလားဆိုတာ မသိနိုင်ဘူး။ အဲဒီအတွက် အခုလို သိန်း၁၀၀၀ အထိကို အခွန် ၃ ရာခိုင်နှုန်းလျော့ပေါ့ထားတဲ့အချိန်မှာ အမည်ပေါက်လာပြောင်းကြဖို့ တိုက်တွန်းချင်ပါတယ်”

ဟု ကညန တိုင်းညွှန်းမှူးမှပြောကြားခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်းရှိ ကညန ရုံးများတွင် online booking စနစ်ဖြင့် သက်တမ်းတိုးပေးမည့်နေ့စဉ်ယာဉ်စီးရေကိုလည်း အရေအတွက်တိုးမြှင့်ထားသကဲ့သို့ online booking စနစ်မရသည့် ယာဉ်များကိုလည်း ညအချိန်ကတည်းက တန်းစီစေကာ သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိပြီး သက်တမ်းတိုးမည့်ယာဉ်အရေအတွက် များပြားသည့်အတွက် နေပြည်တော်ရုံးချုပ်အပါအဝင် အခြားရုံးများမှ ယာဉ်စစ်ဝန်ထမ်းများကိုလည်း ရန်ကုန်တိုင်းကညန ရုံးများတွင် ယာယီတွဲဖက်တာဝန်ချထားပေးသော်လည်း ယာဉ်စီးရေနှင့် ဝန်ထမ်းအင်အားမမျှတကြောင်းကညန ထံမှသိရသည်။

Author