မဟာမဲခေါင်ဒေသခွဲအတွင်း နယ်စပ်ဖြတ်ကျော်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအတွက် မော်တော်ယာဉ်စာရင်းများ၊ နိုင်ငံကူးလက်မှတ်နှင့် ဝင်ခွင့်ဗီဇာများ ကြိုတင်ဆောင်ရွက်ထားရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထား

0

Full article

မဟာမဲခေါင်ဒေသခွဲအတွင်း ကုန်စည်နှင့် လူများနယ်စပ်ဖြတ်ကျော်ပို့ဆောင်မည့် နယ်စပ်ဖြတ်ကျော်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအနေဖြင့် ဦးစားပေးယာဉ်စာရင်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ၄င်းတို့အတွက် နိုင်ငံကူးလက်မှတ်နှင့် ဝင်ခွင့်ဗီဇာများ ကြိုတင်ဆောင်ရွက်ထားရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးအကြောင်းကြားထားကြောင်းသိရသည်။


မဟာမဲခေါင်ဒေသခွဲအတွင်း ကုန်စည်နှင့်လူများ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မည့် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များအား အမျိုးသားပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး ကော်မတီအတွင်းရေးမှူးရုံးအဖွဲ့ (NTFC) မှ လုပ်ငန်းရှင်များထံသို့ထုတ်ပေးလျက်ရှိရာ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးခွင့်ပြုမိန့် (permit) များ အဆင်ပြေစွာထုတ်ပေးနိုင်ရန်အတွက် အမျိုးသားပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး ကော်မတီအတွင်းရေးမှူးရုံးအဖွဲ့ (NTFC) မှ အောက်ပါအချက်များကို ထပ်မံပေးပို့ရန်ညွှန်ကြားလာကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။

နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်မည့် လုပ်ငန်းရှင်များအနေဖြင့် တင်ပြထားသည့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်၊ နောက်တွဲယာဉ်များအနက် ဦးစားပေးဆောင်ရွက်မည့်ယာဉ်စာရင်းအား အမှတ်စဉ်အလိုက် ရွေးချယ်ပြုစုထားရန်၊ ရွေးချယ်ထားသောယာဉ်များတွင် မောင်းနှင်မည့်ယာဉ်မောင်း၊ အရန်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ အရန်ယာဉ်နောက်လိုက်များ၏အမည်စာရင်းကို ပြုစုတင်ပြရန်နှင့် အဆိုပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအနေဖြင့်လည်း နိုင်ငံကူးလက်မှတ် (passport) နှင့်ဝင်ခွင့် (visa) များရရှိရေး အတွက် သက်ဆိုင်ရာဌာနများနှင့်ကြိုတင်ဆက်သွယ်ဆောင်ရွက်ထားကြရန်နှင့် နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရယူထားပြီးသော လုပ်ငန်းရှင်များအနေဖြင့် အထက်ပါစာရင်းများအား ပြုစုကာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံသို့ ပေးပို့တင်ပြရန် အကြောင်းကြားအသိပေးထားကြောင်း သိရသည်။


မဟာမဲခေါင်ဒေသခွဲအတွင်း နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ရာတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံကြား မော်တော်ယာဉ်ဝင်ထွက်သွားလာရမည့်လမ်းကြောင်းများမှာ မြန်မာဘက်ခြမ်း၌ မြဝတီ၊ ထိုင်းနိုင်ငံဘက်ခြမ်း၌ မဲဆောက်ဖြစ်ပြီး မြန်မာဘက်လမ်း ကြောင်းအနေဖြင့် မြဝတီ- ကော့ကရိတ်-ကျုံဒိုး-ဇာသပြင်-မော်လမြိုင်နှင့် မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ဇာသပြင်-အိန္ဒု-ဘားအံ-သထုံ-ကျိုက်ထို-သိမ်ဇရပ်-ဝေါ-ဘုရားကြီး-ပဲခူး-ရန်ကုန်-သီလဝါတို့ဖြစ်ကာ ထိုင်းဘက်လမ်းကြောင်းများမှာ မဲဆောက်-မစ္စနလော-ခုန်ခမ်း-ကုလားဆင်-မုဒဟန် နှင့် မဲဆောက်-ဗန်ကောက်-လန်ချဘန်တို့ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Author