ရန်ကုန်တိုင်း၌ မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးရာတွင် online booking စနစ်ဖြင့် သက်တမ်းတိုးမည့်ယာဉ်များအား တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ

0

Full article

၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင်း ရန်ကုန်တိုင်း၌ မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးရာတွင် online booking စနစ်ဖြင့် သက်တမ်းတိုးမည့်ယာဉ်များအား ယခင်ကဆောင်ရွက်ပေးခဲ့သည့်စီးရေထက် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။


၂၀၁၉ ခုနှစ်ဒီဇင်ဘာလသည် နှစ်ကုန်ချိန်ဖြစ်ခြင်း၊ ရုံးပိတ်ရက်များပြားခြင်းတို့ကြောင့် မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးသည့် ယာဉ်စီးရေမှာ များပြားလျက်ရှိနေကာ ရန်ကုန်တိုင်းတွင် မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးရာတွင်  online booking စနစ်ဖြင့် သက်တမ်းတိုးမည့် နေ့စဉ်ယာဉ်အစီးရေ ကို ယခင်ဆောင်ရွက်ခဲ့သည့် နေ့စဉ် အစီးရေထက် တိုးမြှင့်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ တိုးမြှင့်ဆောင်ရွက်ပေးမည့် ယာဉ်စီးရေမှာ ရန်ကုန်အရှေ့ပိုင်း ခရိုင်ရုံးတွင်တွင် ယခင်အစီးရေ ၄၂၀ မှ ၅၇၀၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးတွင် ယခင်အစီးရေ ၆၅၀ မှ ၉၀၀၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရုံးတွင် ယခင်အစီးရေ ၃၅၀ မှ ၅၀၀၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးတွင် ယခင်အစီးရေ ၂၂၀ မှ ၂၇၀၊ တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) တွင် ယခင်အစီးရေ ၃၉၀ မှ ၄၄၀ သို့ အသီးသီး တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ထို့အပြင် လုပ်ငန်းများအချိန်မီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ ကညန ရုံးများတွင် နေပြည်တော်ရုံးချုပ်နှင့် အခြားရုံးများမှ ယာဉ်စစ်ဆေးရေးဝန်ထမ်းများအား ယာယီတွဲဘက် တာဝန်ချထားပေးကြောင်း ကညန ထံမှသိရသည်။


၂၀၁၉ နိုဝင်ဘာလအထိ စာရင်းများအရ ရန်ကုန်တိုင်းအတွင်း၌ မော်တော်ယာဉ်စီးရေ ၅၄၆၈၈၃ စီးရှိနေပြီး လူစီးယာဉ် ၃၄၆၇၀၉ စီး၊ ခရီးသည်တင်ယာဉ် ၁၇၉၆၆ စီး၊ ဝန်ပေါ့ကုန်တင်ယာဉ် ၁၃၂၃၈၄ စီး နှင့် ဝန်လေးကုန်တင်ယာဉ် ၁၆၃၃၀ စီးရှိကြောင်း ကညန ထံမှသိရသည်။

Author