ယာဉ် မှန်/မမှန်လာရောက်စစ်ဆေးပြီးအရောင်းအဝယ်ဖြစ်ပါက အခွန်ဆောင်ကာ ပိုင်ရှင်အမည်ပေါက်ပြောင်းလဲရမည်

0

Full article

ယာဉ် မှန်/မမှန်လာရောက်စစ်ဆေးပြီးအရောင်းအဝယ်ဖြစ်ပါက အခွန်ဆောင်ကာ ပိုင်ရှင်အမည်ပေါက်ပြောင်းလဲရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် ထံမှသိရသည်။


“ယာဉ် မှန်/မမှန် စစ်ဆေးတဲ့အခါ ယာဉ်ပိုင်ရှင်အမည်ပေါက်မမှန်ကန်ရင် လိုင်စင်စာအုပ်သိမ်းပြီး အမည်ပေါက်ပြောင်းခိုင်းတယ်ဆိုတဲ့သတင်းဟာ မမှန်ပါဘူး။ ယာဉ်မှန်မမှန်စစ်တယ်ဆိုတာ အရောင်းအဝယ်မဖြစ်သေးဘူးလေ။ အရောင်းအဝယ်ဖြစ်သွားတယ်ဆိုရင်တော့ အမည်ပေါက်ပြောင်းဖို့လိုအပ်ပါတယ်။ အဲဒီအခါမှာတော့ အခွန်ဆောင်ပြီး ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းဖို့ လိုအပ်ပါတယ်။ လိုင်စင်စာအုပ်သိမ်းတယ်ဆိုတာ မဟုတ်ပါဘူး”

ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှ ပြောကြားခဲ့သည်။


ယခုနှစ် ၂၀၂၀၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးရာတွင် ယာဉ်ပိုင်ရှင်အမည်ပေါက် မှန်ကန်မှုမရှိပါက ကျပ်ငွေ တစ်သိန်း ဒဏ်ရိုက်မည့်အပြင် ပြည်တွင်းအခွန်ဦးစီးဌာနတွင် ဝင်ငွေခွန်ပေးဆောင်စေကာ ယာဉ်ပိုင်ရှင်အမည်ပေါက်အမှန်သို့ ပြောင်းလဲရမည်ဖြစ်ပြီး ယခုလာမည့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်မည့် “ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်း" တွင် ယာဉ်ပိုင်ရှင်အမည်ပေါက်မမှန်ကန်ပါက ဒဏ်ငွေ သုံးသိန်းသတ်မှတ်ထားကြောင်းသိရသည်။

Author