မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းအတွက် ငါးသောင်း၊ တစ်သိန်း စသည့်နှုန်းထားများဖြင့် ဆောင်ရွက်ပေးရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ဟု ကညန ဆို

0

Full article

မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းကို ငါးသောင်း၊ တစ်သိန်း စသည့်နှုန်းထားတစ်ခု ကောက်ခံကာ ဆောင်ရွက်ပေးရန် ကညန သို့အကြံပေးခြင်းများရှိခဲ့ပြီး မိမိတို့အနေဖြင့်လည်း ထိုကဲ့သို့ဆောင်ရွက်နိုင်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှပြောကြားခဲ့သည်။

“မော်တော်ယာဉ် အမည်ပေါက်ပြောင်းခြင်းကိစ္စမှာ အခွန်ဌာနနဲ့ချိတ်ဆက်တာကို ကျွန်တော်တို့ ကညန အနေနဲ့ မချိတ်ချင်ပါဘူး။ မော်တော်ယာဉ်ဥပဒေမှာလည်း ချိတ်ဖို့မပါ,ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာတိုးတက်ရရှိရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အခွန်ဦးစီးဌာနကနေ ချိတ်ဆက်ဆောင်ရွက်စေခဲ့တာပါ။ ကျွန်တော်တို့ကို အကြံပေးတာတွေလည်းရှိပါတယ်။ အမည်ပေါက်ပြောင်းတာကို ငါးသောင်း၊ တစ်သိန်း ကောက်ယူပြီးဆောင်ရွက်ပေးဖို့ အကြံပေးတာတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း အဲဒီလိုပုံစံဆောင်ရွက်ဖို့ ပြည်တွင်းအခွန်ကို ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မအောင်မြင်ခဲ့ပါဘူး”

ဟု ကညန ရန်ကုန်တိုင်းညွှန်မှူး ဦးလျန်ကျင့်မန်မှ ပြောကြားခဲ့သည်။

ထို့အပြင် မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းကိစ္စရပ်အပါအဝင် ကညန မှာပဲငွေကြေးတွေကောက်ခံနေတဲ့အတွက် ဝေဖန်မှုများရှိနေသည့်အပေါ်တွင်လည်း

“ဥပမာပြောရရင် နှစ်လဲသက်တမ်းတိုးတဲ့အခါ ကညန အနေနဲ့က ယာဉ်စစ်ခရော၊ မှတ်ပုံတင်ခရော ပေါင်းမှ ကောက်ခံတာက ၃၆၂၀၀ ကျပ် လောက်ပဲရှိပါတယ်။ စည်ပင်ဘီးခွန်ကျတော့ တစ်သိန်းရှစ်သောင်းကျော် ကောက်ပါတယ်။ ပြောရရင် ကညန ကကောက်တာထက် စည်ပင်ဘီးခွန်ဆို ၆ ဆလောက်များပါတယ်။ ကညန အနေနဲ့ ပြည်သူတွေအဆင်ပြေအောင် ကညန ဝန်းထဲမှာပဲ One stop Service ပုံစံလုပ်ထားတဲ့အခါကျတော့ ယာဉ်ပိုင်ရှင်တွေအမြင်မှာက ကညန ကပဲအားလုံးကောက်ခံနေသလို မြင်ကြတဲ့အခါ အပြောခံရတော့ ကညန ပဲအပြောခံရတာပေါ့”

ဟုထပ်မံပြောကြားခဲ့သည်။

မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲရာတွင် မှတ်ပုံတင်၊ သန်းခေါင်စာရင်း ငှားရမ်းမှုများပေါ်ပေါက်လာမည့်အပေါ်တွင်လည်း ကညန တိုင်းညွှန်မှူးမှ ထိုကဲ့သို့ လာရောက်ငှားရမ်းခြင်းကို လက်မခံဖို့အတွက် မေတ္တာရပ်ခံချင်ကြောင်း၊ ထိုသို့ငှားရမ်းပါက မော်တော်ယာဉ်ဥပဒေအရသော်လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေ ၄၂၀ အရသော်လည်းကောင်း အရေးယူခံ၍ရကြောင်း၊ ထို့အပြင် ယာဉ်နှင့်ပတ်သက်သည့် မတော်တဆမှုသော်လည်းကောင်း၊ ပြစ်မှုတစ်ခုခုသော်လည်းကောင်း ဖြစ်ပေါ်လာပါက မှတ်ပုံတင်၊ သန်းခေါင်စာရင်း ငှားရမ်းသူမှာ စစ်ဆေးခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Author