အစိတ်အပိုင်းမမှန်မကန် (Body Coach) (ဖောက်စွပ်/ဖြတ်ဆက်) ပြုလုပ်ထားသဖြင့် ယာဥ်မှတ်ပုံတင်ဖျက်သိမ်းခံထားရသည့် ယာဥ်များကို သံရည်ကြိုအပ်နှံစေကာ ယာဥ်အို/ဟောင်းအစားထိုးတင်သွင်းခွင့်ပုံစံ 'ဃ' (စလစ်) ထုတ်ပေးသွားမည်

0

Full article

အစိတ်အပိုင်းမမှန်မကန် (Body Coach) (ဖောက်စွပ်/ဖြတ်ဆက်) ပြုလုပ်ထားသဖြင့် ယာဥ်မှတ်ပုံတင်ဖျက်သိမ်းခံထားရသည့် ယာဥ်များကို သံရည်ကြိုအပ်နှံစေကာ ယာဥ်အို/ဟောင်း အစားထိုးတင်သွင်းခွင့်ပုံစံ 'ဃ' (စလစ်) ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၅ ခုနှစ် မော်တော်ယာဥ်ဥပဒေ၊ ပုဒ်မ-၁၈ (င) အရ မော်တော်ယာဥ်အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲထားသော ဖောက်စွပ်/ဖြတ်ဆက် (Body Coach Change) ယာဥ်များကို မှတ်ပုံတင်ဖျက်သိမ်းကာ ရဲစခန်းသို့အပ်နှံစေခဲ့သည်။ သို့သော် ယာဥ်ပိုင်ရှင်များ၏ ဆုံးရှုံးနစ်နာမှုများကို အထိုက်အလျောက်သက်သာခွင့်ရရှိစေရန်၊ ယာဥ်သိမ်းဆည်းခံထားရသော ပြည်သူအများစုမှ အစားထိုးယာဥ်တင်သွင်းခွင့်ရယူလိုသည့်ဆန္ဒကို ဖြည့်ဆည်းနိုင်ရေး၊ မမှန်မကန်ပြုလုပ်ထားသောယာဥ်များ အပြီးတိုင် ပပျောက်သွားရေးတို့ကိုဦးတည်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ (၁-၁၀-၂၀၁၉) ရက်နေ့မှစတင်ကာ ရဲစခန်းများနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ထိန်းသိမ်းထားသော ယာဥ်များနှင့် မှတ်ပုံတင်ဖျက်သိမ်းမိန့်ထုတ်ပြန်ထားသော်လည်း ယာဥ်ပိုင်ရှင်များမှ လာရောက်အပ်နှံခြင်းမရှိသေးသည့် ယာဥ်များအားလုံးကို သံရည်ကြိုအပ်နှံစေကာ ယာဥ်အို/ဟောင်း အစားထိုးတင်သွင်းခွင့်ပုံစံ 'ဃ' စလစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့ကြောင့် သိမ်းဆည်းခံယာဥ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများနှင့် ဆက်သွယ်ဆောင်ရွက်သွားကြရန်နှင့် နောင်တွင်လည်း ထိုကဲ့သို့ အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲထားသောယာဥ်များတွေ့ရှိပါက ချက်ချင်း သံရည်ကြိုအပ်နှံစေကာ ယာဥ်အို/ဟောင်းအပ် အစားထိုးယာဥ်တင်သွင်းခွင့်ပုံစံ 'ဃ' (စလစ်) ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲထားလို့ မှတ်ပုံတင်ဖျက်သိမ်းပြီး ယာဥ်ကို ထိန်းသိမ်းတဲ့နေရာမှာ တကယ့်မြေပြင်လက်တွေ့မှာခံစားရတဲ့သူတွေက မသမာတဲ့သူတွေမဟုတ်ဘဲနဲ့ ‌ရောင်းမှားဝယ်မှား၊ အလိမ်ခံလိုက်ရတဲ့သူတွေများပါတယ်။ ကျွန်တော်တို့အနေနဲ့ ဥပဒေအရဆောင်ရွက်ရတာဖြစ်ပေမဲ့ တချို့က ရှိစုမဲ့စုနဲ့ဝယ်ထားရတာ၊ မိသားစုစားဝတ်ရေးအတွက်အလုပ်လုပ်ဖို့ဝယ်ထားတဲ့သူတွေ ဆိုတာ အမှန်တကယ်ဖြစ်နေတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်ချင်းလည်းစာပါတယ်။ ဒီလိုတွေဖြစ်နေတဲ့အတွက် အထက်ကလူကြီးတွေကိုတင်ပြတယ်။ ကျွန်တော်တို့အပြင် မော်တော်ယာဥ်အသင်းတွေကလည်း လွှတ်တော်တွေမှာတင်ပြပါတယ်။ အသနားခံစာတွေတင်ကြပါတယ်။ ယာဥ်ပိုင်ရှင်တွေဘက်ကလည်း တင်ပြကြပါတယ်။ အဲဒါကြောင့် နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ အမှန်တကယ်နစ်နာခဲ့တဲ့သူတွေအတွက် အခုလိုဖြေလျှော့ပေးခြင်းဖြစ်ပါတယ်”

ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့အထိ မှတ်ပုံတင်ဖျက်သိမ်းပြီး ထိန်းသိမ်းထားသော အစိတ်အပိုင်းမမှန်မကန် (Body Coach) ဖောက်စွပ်/ဖြတ်ဆက်ထားသော ယာဥ်စီးရေ ၃၆၂ စီး ရှိကြောင်း စာရင်းများအရသိရသည်။

Author