Full article

ကမ္ဘာပေါ်ရှိ လူနေထူထပ်သောမြို့ပြများ၊ စီးပွားရေး မြို့တော်များနှင့် အုပ်ချုပ်ရေးမြို့တော်များတွင် ယာဉ်များစည်းကမ်းတကျ မောင်းနှင်သွားလာနိုင်ရန်အတွက် မီးပွိုင့်များ၊ လူကူးမျဉ်းကျားများ၊ ကားလမ်းခုံးကျော်တံတားများ စသည်တို့နှင့်အတူ အဝိုင်းများကိုလည်း ပြုလုပ်ထားကြသည်။ လမ်းဆုံလမ်းခွများတွင် မီးပွိုင့်နှင့် ယာဉ်ထိန်းရဲ၏ ထိန်းချုပ်မှုတစုံတရာမရှိပဲ အန္တရာယ်ကင်းစွာ မောင်းနှင်သွားလာနိုင်စေရန် အဝိုင်းများတည်ဆောက်ပေးကြရသည်။

5182870120_0d1652e5ec

လမ်းလေးခွဆုံ သို့မဟုတ် လမ်းငါးခွဆုံနေရာများတွင် အဝိုင်းများကို တွေ့ရှိနိုင်သည်။ ကမ္ဘာ့နိုင်ငံများ၏ မြို့ပြအချို့တွင်မူ လမ်းသုံးခွနေရာများတွင်ပါ အဝိုင်းပတ်များကို တွေ့နိုင်သည်။ အဝိုင်းများကို တည်ဆောက်ထားသည့်ရည်ရွယ်ချက်မှာ မည်သည့်ထိန်းချုပ်မှုမှ မရှိပဲ လမ်းကြောင်းအသီးသီးမှ မော်တော်ယာဉ်များအနေဖြင့် ဦးစားပေးအစီအစဉ်အလိုက် အဆင်ပြေချောမွေ့စွာ မောင်းနှင်သွားလာနိုင်ကြရန် ဖြစ်သည်။

ယာဉ်လမ်းကြောင်းထိန်းသိမ်းရေးအတွက် အဝို်င်းများကို တည်ဆောက်အသုံးပြုလာခဲ့ကြသည်မှာ ရာစုနှစ်တစ်စုခန့်ရှိနေပြီဖြစ်သော်လည်း လူအင်အားနှင့် စက်ပစ္စည်းအင်အားတို့မလိုပဲ ယာဉ်လမ်းကြောင်းထိန်းသိမ်းရေးကို ကောင်းစွာအထောက်အကူဖြစ်စေသည့် အဝိုင်းများသည် ယနေ့ထိတိုင်အောင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါအရာရောက်နေဆဲဖြစ်သည်။

အဝိုင်းကိုပတ်မည့်ယာဉ်သည် အဝိုင်းကိုပတ်လာနေသောယာဉ်အား ဦးစားပေးရမည်ဟူသော သတ်မှတ်ချက်သည် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသော အဝိုင်းပတ်စည်းကမ်းချက်ဖြစ်သည်။ မည်သည့်ယာဉ်မဆို မိမိမောင်းနှင်လာရာလမ်းကြောင်းမှ အဝိုင်းထိပ်သို့ရောက်ရှိချိန်တွင် အကယ်၍ အဝိုင်းကိုပတ်၍ မောင်နှင်လာသော ယာဉ်များရှိပါက စောင့်ဆိုင်းရန်ဖြစ်ပြီး ယင်းယာဉ်များရှင်းလင်းမှသာ အဝိုင်းပတ်ယာဉ်ကြောအတွင်းသို့ မောင်းနှင်ဝင်ရောက်ရမည်ဖြစ်သည်။

လမ်းဆုံလမ်းခွများ၌ တည်ဆောက်ထားသည့် အဝိုင်းများနှင့် အဝိုင်းပတ်ဦးစားပေးသတ်မှတ်ချက်များအရ အဝိုင်းပတ်ယာဉ်ကြောသို့ ဝင်ရောက်မောင်းနှင်မည့် မည်သည့်ယာဉ်မောင်းမဆို အဝိုင်းပတ်ဦးစားပေးစနစ်ဖြင့် မိမိတို့၏ အသိတရားကိုယ်စီဖြင့် စည်းကမ်းလိုက်နာမောင်းနှင်ရမည်သာ ဖြစ်သည်။

အဝိုင်းပတ်ဦးစားပေးစနစ်ကို နဂိုထဲက သတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် အဝိုင်းပတ်လမ်းကြောင်း၏ ယာဉ်ကြောများနှင့် ယာဉ်လမ်းကြောင်းအသီးသီးရှိ ယာဉ်ကြောများကို တစ်ဆက်တစ်စပ်ထဲ ရေးဆွဲပေးထားရသည်။ သာမန်အားဖြင့် ယာဉ်လမ်းကြောင်းတစ်ခုခုမှ အဝိုင်းပတ်ယဉ်ကြောအတွင်းသို့ ဝင်ရောက်မောင်းနှင်လာနေသော ယာဉ်များကိုလည်းကောင်း၊ အဝိုင်းကို ပတ်လာနေသောယာဉ်များကိုလည်းကောင်း မည်သည့်အကြောင်းအရင်းနှင့်မှ တားဆီးပိတ်ဆို့ထားခြင်းမျိုးကို မပြုလုပ်အပ်ပေ။

မည်မျှပင် ယာဉ်အသွားအလာများပြားသော အချိန်မျိုး၌မဆို ယာဉ်လမ်းကြောင်းရှင်းလင်းရန်အတွက် အခြားသောယာဉ်လမ်းကြောင်း ရှင်းလင်းရေးနည်းလမ်းများကိုသာ ကျင့်သုံးသင့်ပြီး အဝိုင်းပတ်ရန်တာစူနေသည့် ယာဉ်များနှင့် အဝိုင်းပတ်နေသောယာဉ်များကို မည်သည့်အကြောင်းနှင့်မှ မတားဆီးသင့်ပေ။ အဝိုင်းပတ်ယာဉ်များကို တားဆီးရပ်တန့်စေခြင်းသည် အဝိုင်းပတ်နေသောယာဉ်များ၊ အဝိုင်းပတ်ယာဉ်ကြောမှ မိမိဦးတည်ရာလမ်းကြောင်းသို့ ခွဲထွက်မည့်ယာဉ်များနှင့် အဝိုင်းပတ်ရန်ဦးတည်လာနေသည့် ယာဉ်များ၏ ဦးတည်ရာလမ်းကြောင်းများကို ကမောက်ကမဖြစ်စေလိမ့်မည်ဖြစ်သည်။ ထိုသို့ ဖြစ်ရာမှတဆင့် ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်တိုက်မှု၊ ထိခိုက်မှုစသည်တို့ ဆက်စပ်ဖြစ်ပွားလာနိုင်သည်။

သို့ဖြစ်၍ အများပြည်သူတို့၏ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးကို အကျိုးပြုစေရန် စနစ်ကျသော လုပ်နည်းလုပ်ဟန်များနှင့် စေတနာတို့ကို ပေါင်းစပ်လုပ်ဆောင်ကြခြင်းဖြင့် ထိရောက်သော ယာဉ်လမ်းကြောင်းထိန်းသိမ်းရေးစနစ်ကို အကောင်အထည်ဖော်နိုင်ကြမည်ဖြစ်ပေသည်။

Auto Mobile Weekly Journal မှကူးယူဖော်ပြသည်။

Photo credit by Abdul Awaes

Author