အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council-NRSC) အနေဖြင့် ၂၀၁၄- ၂၀၂၀ စီမံချက်ကိုချမှတ်ပြီး ၂၀၁၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားနှုန်း၏ ၅၀% ကို လျှော့ချရန်ဆောင်ရွက်ရာတွင် အချက်ပေါင်း ၁၀၀ ကျော်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာမှပညာရှင်များကိုလည်း ‘စု’ ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့်ဖိတ်ခေါ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအနေနဲ့ ၂၀၁၄-၂၀၂၀ စီမံချက်ကိုရေးဆွဲပြီး ၂၀၁၃ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေရဲ့ထက်ဝက်၊ ၅၀% ထိ လျှော့ချဖို့ဆောင်ရွက်သွားမှာပါ။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ အချက်ပေါင်း ၁၀၀ ကျော်လောက်အထိ အသေးစိတ်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် NRSC အနေနဲ့ ၂၀၂၀-၂၀၃၀ ၊ ၁၀ နှစ် စီမံကိန်းကိုလည်း ဆောင်ရွက်နေပါတယ်။ ‘စု’ ဖောင်ဒေးရှင်းရဲ့ အထောက်အပံ့နဲ့ နိုင်ငံတကာက road safety expert တွေကိုဖိတ်ခေါ်ထားပါတယ်။ သူတို့က road safety အတွက် အကြံပြုချက်ပေါင်း ၄၃ ချက်ကို အကြံပြုထားတာရှိပါတယ်။ အဲဒီအချက်တွေကိုလည်း အကောင်အထည်ဖော်သွားမှာပါ။ သူတို့အကြံပြုတဲ့ ၄၃ ချက်ထဲမှာ အဓိကထောက်ပြတာတော့ လက်ယာကပ်မောင်းစနစ်နဲ့ကိုက်ညီတဲ့ယာဉ်များ တင်သွင်း၊ ထုတ်လုပ်၊ အသုံးပြုရေးနဲ့ လက်ရှိယာဉ်ဟောင်းတွေလျှော့ချရေးကို အကြံပြုထားပါတယ်။” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းညွှန်ကြားရေးမှူးမှ ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ယာဉ်တိုက်မှုပေါင်း ၁၃,၉၁၂ မှုရှိခဲ့ပြီး ယာဉ်မောင်းသူ စည်းကမ်းပျက်မှုကြောင့် ၉၃.၇၇ ရာခိုင်နှုန်း၊ လမ်းကူးပေါ့ဆမှုကြောင့် ၄.၄၈ ရာခိုင်နှုန်း၊ ယာဉ်ချို့ယွင်းမှုကြောင့် ၁.၄၅ ရာခိုင်နှုန်း၊ လမ်းချို့ယွင်းမှုကြောင့် ဝ.၂၈ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ဝ.၀၂ ရာခိုင်နှုန်းဖြစ်ပွားခဲ့ကြောင်း စစ်တမ်းများအရ သိရသည်။
Zing