လက်ယာကပ်မောင်းစနစ်အဖြစ် မော်တော်ယာဉ်ဥပဒေတွင် ပါရှိပြီးဖြစ်၍ ညာမောင်းကား ပြန်လည်တင်သွင်းခွင့်ပြုမည်မဟုတ်

0

Full article

Zawgyi

မော်တော်ယာဉ်ဥပဒေတွင် ထုတ်ပြန်ထားပြီးဖြစ်၍ မြန်မာပြည်၏လမ်းစနစ်မှာ လက်ယာကပ်မောင်းစနစ်ဖြစ်သည့်အတွက် ညာမောင်းကားများကို ပြန်လည်တင်သွင်းခွင့်ပြုမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှသိရသည်။

မြန်မာနိုင်ငံတွင် ၄၇ နှစ် ကြာမြင့်စွာ ကျင့်သုံးလာခဲ့သော လက်ယာကပ်မောင်းစနစ် ညာမောင်းကားအသုံးပြုခဲ့ပြီးနောက်ပိုင်း ၂ဝ၁၈ ခုနှစ်အတွင်း ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပြုသွားမည့် ကားမော်ဒယ်သတ်မှတ်ချက်များ၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီ ၁/၂ဝ၁၇ အမိန့်ကြေညာစာအမှတ်အရ ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် ၂ဝ၁၈ မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒသတ်မှတ်ချက်ကို ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဘယ်မောင်းကားများကိုသာ တင်သွင်းရန်သတ်မှတ်ထားရှိခဲ့သည်။

"မော်တော်ယာဉ်ဥပဒေမှာလည်းပါပြီးသားပါ။ မြန်မာပြည်က လက်ယာကပ်မောင်းဖြစ်လို့ ဘယ်မောင်းကားတွေနဲ့ပဲ ကိုက်ညီလို့ ပြောင်းလဲထားတာပါ။ ညာမောင်းကားတွေပြန်ပြီး တင်သွင်းခွင့်ပေးမယ်ဆိုတာ မဟုတ်ပါဘူး။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒဿမ ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် Vienna Convention on Road Traffic 1968 နှင့် Vienna Convention on Road signs and signals 1968 တို့ကို လက်ခံကျင့်သုံးခြင်း ဆောင်ရွက်ရန်ကိစ္စနှင့်ပက်သက်၍ ဆွေးနွေးစဉ် ဆိတ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုသည့် မူဝါဒကြောင့် အရည်အသွေး မကောင်း၊ ဆီစားမသက်သာသည့် တရုတ်၊ ကိုးရီးယားကားများကို ဈေးကြီးပေး၍ ဝယ်သုံးနေရကြောင်း ပြည်ထောင်စုလွှတ်တော် တွင်ပြောကြားသွားခဲ့သည်။

လက်ယာကပ်မောင်းစနစ်ဖြင့် ကိုက်ညီမည့် ဘယ်မောင်းမော်တော်ယာဉ်များအသုံးပြုမှုနှင့် ပက်သတ်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃) နိုင်ငံရှိရာတွင် (၁၃၉) နိုင်ငံသည် လက်ယာကပ်မောင်းစနစ်ကို ကျင့်သုံးနေကြပြီး (၅၄) နိုင်ငံသည် လက်ဝဲကပ်မောင်း စနစ်ကို ကျင်းသုံးလျက်ရှိသည်။ ညာကပ်မောင်းစနစ်ကို အာဆီယံနိုင်ငံများဖြစ်ကြသော (၁) ကမ္ဘောဒီးယား (၂) လာအို (၃) မြန်မာ (၄) ဖိလစ်ပိုင် (၅) ဗီယက်နမ် နိုင်ငံများတွင် ကျင့်သုံးနေပြီး လက်ဝဲကပ်မောင်းစနစ်ကို (၁) ဘရုနိုင်း (၂) အင်ဒိုနီးရှား (၃) မလေးရှား (၄) စင်္ကာပူ (၅) ထိုင်း နိုင်ငံတို့တွင်အသုံးပြုလျက်ရှိသည်။

Author