တိုင်းဒေသကြီး ၃ ခုတွင် လိုင်စင်မဲ့ကားဟုတ်/မဟုတ် သိရှိနိုင်ရန် တရားဝင်မှတ်ပုံတင်ကားများကို stickers များကပ်၍ RFID စနစ်ဖြင့် ထိန်းချုပ်ရှင်းလင်းသွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် လိုင်စင်မဲ့ ကားဟုတ်/မဟုတ် သိရှိနိုင်ရန် တရားဝင်မှတ်ပုံတင်ကားများကို RFID stickers များကပ်၍ နည်းပညာမြင့် RFID စနစ်ဖြင့် ထိန်းချုပ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တရားမဝင်မှတ်ပုံတင်မဲ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များကို စစ်ဆေးထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ RFID (Radio Frequency Identification) စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ တရားဝင်မှတ်ပုံတင်မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို သတ်မှတ်ကာလအတွင်း RFID Sticker သို့မဟုတ် RFID Tag တပ်ဆင်မှုများပြုလုပ်ပြီး တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များကို စစ်ဆေးထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"တရားမဝင်လိုင်စင်မဲ့ကားတွေကို ထိန်းချုပ်နိုင်ဖို့ RFID စနစ်ကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့ အကြံပေးကုမ္ပဏီနဲ့ဆွေးနွေးထားတယ်။ တရားဝင်မှတ်ပုံတင်တဲ့ကားတွေမှာ RFID sticker ကပ်ပြီး မှတ်ပုံတင်ထားတဲ့ယာဉ်ဟုတ်/မဟုတ်ကို ထိန်းချုပ်တဲ့စနစ်ပါ။ ယာဉ်တိုက်မှုဖြစ်ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့ မော်တော်ယာဉ်တွေကို အလွယ်တကူ စိစစ်ဖော်ထုတ်ဖမ်းဆီးလို့ရနိုင်တယ်။ RFID စနစ်ကိုလုပ်ဖို့ အကြံပေးဝန်ဆောင်မှုလုပ်ငန်း တင်ဒါအောင်မြင်ထားတဲ့ကုမ္ပဏီနဲ့ လာမယ့်ဇူလိုင်ထဲမှာ လက်မှတ်ရေးထိုးသွားမှာပါ။ တင်ဒါအောင်မြင်ထားတဲ့ အကြံပေးတဲ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီးသွားရင် အကောင်အထည်ဖော်ဖို့ တင်ဒါဆက်ပြီးခေါ်ယူသွားမှပါ။ တိုင်းဒေသကြီး ၃ ခုထဲက လူစည်းကားတဲ့နေရာတွေမှာ RFID sticker ကိုဖတ်လို့ရတဲ့ အင်တာနာတွေ တပ်ဆင်တာတွေလုပ်သွားမယ်။" ဟု နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ လိုင်စင်မဲ့ကားများဟုတ်/မဟုတ် စစ်ဆေးထိန်းချုပ်နိုင်သော RFID စနစ်ကို အကောင်အထည်ဖော်ရန် အကြံပေးဝန်ဆောင်မှုလုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားသည့် Moon Engineering joint venture ကုမ္ပဏီလီမိတက်နှင့် ဇူလိုင်လအတွင်း စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ရာ Main Data Centre ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Data Centre တွင် colocation servers များထားရှိဆောင်ရွက်၍ တိုင်းဒေသကြီး ၃ ခုတွင် ဦးစားပေးအကောင်အထည်ဖော်သွားမည်ဖြစ်သည်။

Author

Comments