ရန်ကုန်မြို့တွင်း ကုန်သေတ္တာမော်တော်ယာဉ်များ သွားလာချိန်တိုးမြှင့်ပေးရန် တောင်းဆိုထား

0

Full article

ရန်ကုန်မြို့တွင်း ကုန်သေတ္တာတင်မော်တော်ယာဉ်များ၏ သွားလာချိန်ကို တိုးမြှင့်ပေးရန် တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ထံမှသိရသည်။

“ဒီကိစ္စကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူတွေထံမှာတင်ပြထားခဲ့ပါတယ်။ ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်စေရေးအတွက် ကျောင်းချိန်၊ ရုံးချိန်တွေ စတဲ့ယာဉ်ကြောကြပ်တဲ့အချိန်မျိုးတွေနဲ့လွတ်တဲ့ သင့်တော်တဲ့အချိန်မျိုးမှာမှာခွင့်ပြုပေးဖို့ညှိနှိုင်းနေပါတယ်။ ကျွန်တော်တို့ကိုအခုခွင့်ပြုပေးထားတာက ညဆို ၈ နာရီကနေ မနက် ၆ နာရီထိပေါ့။ နေ့ဘက်ဆို အရှေ့ဘက် သာကေတလမ်းကို နေ့လည် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ခွင့်ပြုပေးထားပါတယ်။ ဘုရင့်နောင်ဘက်ကိုလည်း နေ့လည်ပိုင်း ၁၁ နာရီကနေ ၃ နာရီ ခွင့်ပြုပေးဖို့ တောင်းဆိုထားတာပါ။ ကုန်စည်စီးဆင်းမှုများနေတဲ့အချိန်မှာ ကုန်သွယ်မှုကိုလည်း အနှောက်အယှက်မဖြစ်အောင် ခွင့်ပေးဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ ကျွန်တော်တို့လည်းအဆင်ပြေအောင်၊ ပြည်သူလူထုလည်းအဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လို့သိရပါတယ်။ ကုန်စည်စီးဆင်းမှုအများဆုံးကာလကတော့ နိုဝင်ဘာလကနေ မေလအထိပေါ့။ မိုးတွင်းကာလမှာတော့ ကုန်စည်စီးဆင်းမှုနည်းပါတယ်။  သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အချိန်မီရောက်အောင်မောင်းကြရတဲ့အတွက် ယာဉ်မောင်းတွေမှာ စိတ်လောမှုတွေဖြစ်ပြီး အရှိန်မြှင့်မောင်းနှင်တာတွေကြောင့် မဖြစ်သင့်တာတွေဖြစ်ကြရပါတယ်”

ဟု  မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ဒုဥက္ကဋ္ဌ က ပြောကြားခဲ့သည်။


လက်ရှိတွင် ကုန်သေတ္တာတင်ယာဉ်များ ရန်ကုန်မြို့တွင်းသွားလာခွင့်ကို ညပိုင်းတွင် ည ၈နာရီမှ နံနက် ပိုင်း ၆ နာရီအထိ ပြေးဆွဲခွင့်ပြုထားပြီး နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ယာယီပြေးဆွဲ ခွင့်ပြုထားကာ  ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ အောက် မင်္ဂလာဒုံလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ မဟာဗန္ဓုလတံတားကိုဖြတ်ကာ ရှုခင်းသာလမ်း၊ သာကေတအဝိုင်း၊ သံသုမာလမ်း၊ ဧရာဝဏ်လမ်း၊ ပဲခူးမြစ်လမ်း၊ ကနောင်မင်းသားကြီးလမ်း၊ အောင်ဇေယျလမ်းတို့ကို အသုံးပြုခွင့်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၊ ကုန်စည်ပို့ဆောင်ရေးအသင်းထံမှ သိရသည်။

Author