Yangon Petrol (YP) ဆီဆိုင်များကို ရန်ကုန်တိုင်းအစိုးရမှ ဈေးနှုန်းကြီးကြပ်နိုင်အောင် သဘောတူညီချက် ရယူဆောင်ရွက်ခြင်းဖြစ်ရာ အပြင်ဈေးထက် တစ်လီတာလျှင် ၆ဝ ကျပ်ကွာဟ

0

Full article

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိသည့် Yangon Petrol (YP) စက်သုံးဆီဆိုင်များမှာ ရန်ကုန်တိုင်းအစိုးရမှ ဈေးနှုန်းကြီးကြပ်နိုင်အောင် သဘောတူညီချက်ရယူ ဆောင်ရွက်ခြင်းဖြစ်ရာ အပြင်ဈေးထက် တစ်လီတာလျှင် ၆ဝ ကျပ်ကွာဟကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲ အခမ်းအနား၌ ဇွန်လ ၅ ရက်နေ့တွင် ပြောကြားသွားခဲ့သည်။

"ဈေးနှုန်းကြီးကြပ်နိုင်အောင် သဘောတူညီချက်နဲ့ ရယူဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ Yangon Petrol က ရောင်းချတဲ့ဈေးနဲ့ အပြင်ဆိုင်ဈေးက တစ်လီတာ ၆ဝ ကျပ် ကွာပါတယ်။ တစ်ဂါလံကို ၂၄ဝ/၂၅ဝ ကျပ်ထိဈေးကွာလို့ ကားတော်တော်များများထည့်နေတာ တွေ့ရပါတယ်။ တစ်တိုင်းလုံးကို ဖြန့်ကျက်ဆောင်ရွက်ပေးဖို့ အစိုးရကလုပ်နေပေမယ့် မြေနေရာအခက်အခဲရှိနေပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းတွင် ရောင်းချနေသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ထားသော Yangon Petrol (YP) စက်သုံးဆီ အရောင်းဆိုင်များအား မော်တော်ယာဉ်အသုံးပြုသူများမှ ဆီအရည်အသွေးပြည့်ဝစွာရရှိနေသည့်အတွက် ယာဉ်ပိုင်ရှင်များတောင်းဆိုမှုအရ ရန်ကုန်မြို့၏နေရာအနှံ့အပြားတွင် ဖွင့်လှစ်ရန်စီစဉ်ထားရှိကြောင်း သိရသည်။

ပြည်တွင်းတွင်ရောင်းချနေလျက်ရှိသော စက်သုံးဆီဈေးနှုန်းကျဆင်းရေးကို စက်သုံးဆီကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေရာ ယခင်နှစ်ကလည်း စက်သုံးဆီဈေးနှုန်းမြင့်တက်ခဲ့သဖြင့် ဈေးနှုန်းထိန်းညှိနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်ပက်ထရို ကုမ္ပဏီကို ထူထောင်၍ ကြိုးစားခဲ့ရကြောင်း၊ လက်ရှိတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့်ကြုံတွေ့နေခြင်းကြောင့် ဈေးနှုန်းကျဆင်းရေးကို ယခင်ကထက် ပိုမိုကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

"ရန်ကုန်ပက်ထရိုမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ငွေကြေးထည့်ဝင်ထားမှုတော့ မပါဝင်ပါဘူး။ ကျွန်တော်တို့ရဲ့ရင်းနှီးမြှုပ်နှံမှုလည်း မပါဝင်ပါဘူး။ ဒါပေမယ့် တိုင်းဒေသကြီးအစိုးရရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ဆောင်ရွက်နေပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားရှိသည်။

Author