လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်များကို အချိန်ပြောင်းလဲပြေးဆွဲ

0

Full article

လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်များကို အချိန်ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။


လက်ရှိပြေးဆွဲနေသော ရန်ကုန်-မန္တလေး ခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သတ်မှတ်ကန့်သတ်ထားသည့်အချိန်များထက် ကျော်လွန်နေသည့်အတွက် လက်ရှိပြေးဆွဲနေသော အမှတ် (၁၁) အဆန်ရထားနှင့် အမှတ် (၁၂) အစုန်ရထားတို့အစား အမှတ် (၃) အဆန်အမြန်ရထားနှင့် အမှတ် (၄) အစုန်ရထားများသို့ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်သည်။ အဆိုပါခရီးစဉ်တွင် လမ်းဘူတာများဖြစ်သည့် တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုပ်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူး၊ ဇေယျဝတီ၊ တောင်ငူ၊ ရေတာရှည်၊ ဆွာ၊ မြို့လှ၊ ရေနီ၊ သာဝတ္ထိ၊ ဧလာ ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ရမ်း၊ သာစည်၊ သဲတော၊ မြစ်သားနှင့် ကျောက်ဆည် ဘူတာတို့တွင်လည်း ယခင်ကကဲ့သို့ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ရန်ကုန်-မန္တလေး အမှတ်(၃) အဆန်ရထားနှင့် အမှတ် (၄) အစုန်ရထားတို့ကို ဧပြီလ (၃၀) ရက်နေ့အထိပြေးဆွဲပေးသွားမည်ဖြစ်ပြီး အမှတ် (၃) အဆန်အမြန်ရထားသည် ရန်ကုန်မှ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ နောက်တစ်နေ့နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ အမှတ်(၄) အစုန်ရထားသည် မန္တလေးမှ ညနေ ၄ နာရီ မိနစ် ၃၀ တွင်စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ နောက်တစ်နေ့နံနက် ၁၀ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

Author