ရန်ကုန်မှ နိုင်ငံတစ်ဝန်းသို့ မြန်မာ့မီးရထားပြေးဆွဲမှုလမ်းကြောင်းများ ယာယီရပ်ဆိုင်းထားမှုကို ၁၅-၅-၂၀၂၀ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းသွားမည်

0

Full article

ရန်ကုန်မှ နိုင်ငံတစ်ဝန်းသို့ မြန်မာ့မီးရထားပြေးဆွဲမှုလမ်းကြောင်းများ ယာယီရပ်ဆိုင်းထားမှုကို ၁၅-၅-၂၀၂၀ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ဒုတိယအမြန်ရထား တစ်စင်းသာ ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။


လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် ရန်ကုန်ဘူတာကြီးမှ မြန်မာနိုင်ငံတစ်ဝန်းသို့ ပြေးဆွဲနေသည့် မြန်မာ့မီးရထားပြေးဆွဲမှုလမ်းကြောင်းများကို မူလက ဧပြီလ ၁၀ ရက်နေ့မှ လကုန်ရက်အထိ ပြေးဆွဲမှုများကို ယာယီရပ်ဆိုင်းခဲ့ရာမှ ယခုအခါ မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီး ဒုတိယအမြန်ရထားတစ်စင်းသာ ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရသိရသည်။ သို့သော် ရန်ကုန်-မန္တလေး ရထားလိုင်းအား ရပ်နားခြင်းမရှိသကဲ့သို့ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းကိုလည်း ရပ်နားခြင်းမရှိဘဲ တစ်ရက်လျှင် အဆိုင်း ၃ ဆိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။ ၁၅-၅-၂၀၂၀ ရက်နေ့အထိ ဆက်လက်ပြေးဆွဲပေးမည့် လမ်းကြောင်းများမှာ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမှတ်(၃) အဆန်နှင့် အမှတ် (၄) အစုန်အမြန်ရထား၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အမှတ် (၈၉) အဆန်နှင့် အမှတ် (၉၀) အစုန်ရထား၊ ကြည့်မြင့်တိုင်-ပြည်လမ်းပိုင်းတွင် အမှတ် (၆၃) အဆန်နှင့် အမှတ် (၆၄) အစုန်စာပို့ရထား၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် အမှတ် (၄၁) အဆန်နှင့် (၄၂) အစုန်စာပို့ရထား၊ နေပြည်တော်-တောင်တွင်းကြီး-ချောက်လမ်းပိုင်းတွင် အမှတ် (၁၀၁) အဆန်နှင့် (၁၀၂) အစုန်စာပို့ရထား၊ ပုသိမ်-ကြံခင်း လမ်းပိုင်းတွင် အမှတ် (၁၈၅) အဆန်နှင့် (၁၈၆) အစုန် စာပို့ရထား တို့အားဆက်လက်ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရသိရသည်။


ထို့အပြင် ရန်ကုန်မှ မန္တလေးသို့ မီးရထားဖြင့်လိုက်ပါလာသည့် ခရီးသည်များအနေဖြင့် မန္တလေးတိုင်းအတွင်းနေထိုင်လိုပါက Quarantine ဝင်ရန်သတ်မှတ်ထားပြီး၊ မဝင်လို၍ ပြန်လိုပါက ပြန်ခွင့်ပြုထားကြောင်း မန္တလေးဘူတာကြီးထံမှသိရသည်။

Author