မော်တော်ယာဉ်များအပေါ်ကောက်ခံသည့် အထူးကုန်စည်ခွန်နှုန်းထားအား လက်ရှိ ကောက်ခံသည့်နှုန်းထားများအတိုင်းသာ ဆက်လက်ကောက်ခံသင့်သည်ဟု စက်မှုဒုဝန်ကြီးမှပြန်လည်ရှင်းလင်းဆွေးနွေး

0

Full article

မြန်မာနိုင်ငံတွင် လက်ရှိကောက်ခံနေသော မော်တော်ယာဉ်များအပေါ်ကောက်ခံသည့် အထူးကုန်စည်ခွန်နှုန်းထားသည် အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်ပါက သင့်တင့်မျှတခြင်း၊ နိုင်ငံ၏ tax to GDP နှုန်းထားသည် အာဆီယံနိုင်ငံများအတွင်းများစွာလျော့နည်းနေခြင်း၊ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒတွင်လည်း ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍကိုဖွံ့ဖြိုးအောင် အားပေးလျက်ရှိနေခြင်း၊ နိုင်ငံတော်မှလည်း မော်တော်ယာဉ်ကဏ္ဍအတွက်သင့်တင့်သောအခွန်နှုန်းထားများကို သတ်မှတ်ပေးပြီးဖြစ်သည့်အတွက် လက်ရှိ engine capacity အလိုက်ကောက်ခံသည့်နှုန်းထားများအတိုင်းသာ ဆက်လက်ကောက်ခံသင့်ပါကြောင်း ၂၀၁၉ စက်တင်ဘာ ၁၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းမှ အကြံပြုဆွေးနွေးခဲ့သည်။

“အာဆီယံနိုင်ငံများမှာ အများအားဖြင့် အထူးကုန်စည်ခွန်ကောက်ခံတဲ့အခါ engine capacity အပေါ် အခြေခံပြီးကောက်ခံကြပါတယ်။ EU နိုင်ငံများ၊ အမေရိကန်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာတော့ မော်တော်ယာဉ်များကို engine capacity အရသော်လည်းကောင်း၊ growth vehicle weight အရသော်လည်းကောင်း ယာဉ်၏ အရှည်အတိုင်းအတာအရသော်လည်းကောင်း၊ ကာဗွန်ထုတ်လွှတ်မှု (carbon emission) အခြေအနေအရသော်လည်းကောင်း အသီးသီး ခွဲခြားသတ်မှတ်ပြီး အခွန်ကောက်ခံတဲ့အခါမှာလည်း အခွန်အမည်အမျိုးမျိုး၊ နှုန်းထားအမျိုးမျိုးနဲ့  နိုင်ငံအလိုက်အသီးသီးကောက်ခံနေကြပါတယ်။
"ကျွန်တော်တို့အာဆီယံနိုင်ငံများမှာတော့ ဖိလစ်ပိုင် နိုင်ငံမှလွဲပြီး engine capacity အပေါ်မူတည်ကာ မော်တော်ယာဉ်တင်သွင်းမှုအပေါ် အထူးကုန်စည်ခွန်ကောက်ခံကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ မော်တော်ယာဉ်တင်သွင်းမှုကို ကား၏တန်ဖိုးကိုအခြေခံပြီးကောက်ခံပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံမှာ ၂,၀၀၀ CC အထိကို ၃၀ % ၊ ၂,၀၀၁ CC မှ ၂,၅၀၀ CC ထိကို ၃၅% ၊ ၂,၅၀၁ CC မှ ၃,၀၀၀ CC ကို ၄၀% ၊ ၃,၀၀၁ CC နှင့်အထက်ကို ၅၀ % ကောက်ခံနေပြီး မလေးရှားနိုင်ငံမှာတော့ ၁,၈၀၀ CC အောက်ကို ၇၅ %၊ ၁,၈၀၁ CC မှ ၁,၉၉၉ CC ထိကို ၈၀ %၊ ၂,၀၀၀ CC မှ ၂,၄၉၉ CC ထိကို ၉၀%၊ ၂,၅၀၀ CC နှင့်အထက်ကို ၁၀၅ % ကောက်ခံနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ၂,၀၀၀ CC အောက်ကို ၄၀% ၊ ၂,၀၀၁ CC မှ ၃,၀၀၀ CC ထိကို ၅၀%၊ ၃,၀၀၁ CC နှင့် အထက်ဆိုပါက ၆၀% ကောက်ခံနေပြီး အင်ဒိုနီးရှားနိုင်ငံမှာတော့ ၁,၅၀၀ CC အောက်ကို ၃၀ % ၊ ၁,၅၀၁ CC မှ ၃,၀၀၀ CC ထိကို ၄၀%၊ ၃,၀၀၁ CC နှင့်အထက်ကို ၁၂၅ % ကောက်ခံလျက်ရှိပါတယ်။"
"မြန်မာနိုင်ငံရဲ့ အထူးကုန်စည်ကောက်ခံမှုမှာ ဝ% မှ ၅၀ % ထိဖြစ်ပြီး အာဆီယံဒေသတွင်းအထူးကုန်စည်ခွန်ကောက်ခံမှုနှုန်းထားများမှာ ၂၀% မှ ၁၂၅ % ထိအသီးသီးဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ နှုန်းထားမှာ အလွန်တရာ သင့်တင့်မျှတသော နှုန်းထားဖြစ်ပါကြောင်း တွေ့ရှိရပါတယ်။ ၁,၅၀၀ CC အောက် သတ်မှတ်ချက်အစား ၁,၆၀၀ CC အောက် မော်တော်ယာဉ်များကို အသေးစားမော်တော်ယာဉ်အဖြစ်သတ်မှတ်မည်ဆိုပါက ၁,၅၀၀ CC နှင့်အောက်မော်တော်ယာဉ်တင်သွင်းသူများ၊ ထုတ်လုပ်သူများ ဝယ်ယူသူများအနေနဲ့ ၁၀% အထူးကုန်စည်ခွန်သက်သာသွားမည်ဖြစ်သော်လည်း နိုင်ငံတော်အနေနဲ့ ရရှိမယ့်အခွန်များလျော့နည်းသွားမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ tax to GDP အချိုးဟာ ၆ % သာရှိပြီးအာဆီယံနိုင်ငံများအတွင်းမှာ များစွာလျော့နည်းနေပါတယ်။ နိုင်ငံတော်မှရရှိမယ့် အခွန်များနည်းပါးသွားသောကြောင့် လမ်းတံတားစတဲ့အခြေခံအဆောက်အဦတွေ၊ ပညာရေးကျန်းမာရေးစတဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ ကိုယ်ထူကိုယ်ထသော်လည်းကောင်း၊ ပြည်ပမှချေးငွေရယူပြီးသော်လည်းကောင်း အခြေအနေဖြစ်လာနိုင်ပါတယ်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများကို လေ့လာမယ်ဆိုရင် Low carbon transport policy ကိုအခြေခံပြီး အခွန်နှုန်းထားများကို သတ်မှတ်အကောင်အထည်ဖော်လျက်ရှိတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာဆိုရင် EcoCar ဆိုပြီး special category သတ်မှတ်ပြီး ၁,၃၀၀ CC အောက်ကားများကို အထူးအခွန်နှုန်းထားအဖြင့် သတ်မှတ်လျက်ရှိပါတယ်။ ထို့အတူ အင်ဒိုနီးရှားနိုင်ငံမှာလည်း ၁,၂၀၀ CC အောက်ဓါတ်ဆီဖြင့်မောင်းသောကားများကို ဝ% Luxury tax rate သတ်မှတ်ပြီး အခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ၁,၅၀၀ CC အောက်ကားများကို ဝ% ဖြင့်ကောက်ခံနေကြောင်း တင်ပြလိုပါတယ်။ ယခုအခါမော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍ မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လာရန်ရည်ရွယ်ပြီးတော့ ပြည်တွင်းမော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းများကို SKD (semi knocked down) စနစ်ဖြင့် ဆောင်ရွက်ရန်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးလျက်ရှိပါတယ်။ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒတွင်လည်း ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍကိုဖွံ့ဖြိုးအောင် အားပေးလျက်ရှိပါတယ်။ နိုင်ငံတော်မှ မော်တော်ယာဉ်ကဏ္ဍအတွက်သင့်တင့်သောအခွန်နှုန်းထားများကို သတ်မှတ်ဖန်တီးပေးပြီးသားဖြစ်သည့်အတွက် လက်ရှိ engine capacity အလိုက် အထူးကုန်စည်အခွန်နှုန်းထားများကို လက်ရှိအတိုင်းသာ ကောက်ခံသင့်ပါကြောင်း အကြံပြုတင်ပြလိုပါတယ်။”

ဟု စက်မှုဝန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းမှ အကြံပြုဆွေးနွေးခဲ့သည်။


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးမှ လူတိုင်းလက်လှမ်းမီသည့်ဈေးနှူန်းဖြစ်စေရန် မော်တော်ယာဉ်များအပေါ်ကောက်ခံသည့်အထူးကုန်စည်ခွန်နှုန်းထားများကို လျှော့ချပေးသင့်ကြောင်းနှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီဖြစ်စေရန် အင်ဂျင်ပါဝါ ၁,၆၀၁ CC မှစတင်ကာ ကောက်ခံရန် အတွက် ဆွေးနွေးအကြံပြုချက်အပေါ် စက်မှုဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

Author