မော်တော်ယာဉ်များကို အခွန်စည်းကြပ်ရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီဖြစ်စေရန် မော်တော်ယာဉ်များအပေါ်စည်းကြပ်သည့်ရာခိုင်နှုန်း နှုန်းထားများကိုလျှော့ချသင့်ကြောင်းအကြံပြု

0

Full article

မော်တော်ယာဉ်များကို အခွန်စည်းကြပ်ရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီဖြစ်စေရန် အင်ဂျင်ပါဝါ ၁,၆၀၀ cc အထက်မှစတင်ကာ စည်းကြပ်ရန်နှင့် နိုင်ငံ၏မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မော်တော်ယာဉ်များအပေါ်စည်းကြပ်သည့်ရာခိုင်နှုန်း နှုန်းထားများကိုလျှော့ချသင့်ကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင်ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ဆွေးနွေးအကြံပြုခဲ့သည်။

“အထူးကုန်စည်ခွန်တွင်ပါဝင်သော Double Cab 4 Door Pickup မှအပ ၁,၅၀၁ cc မှ ၂,၀၀၀ cc ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ Coupe ကားများ၏ အင်ဂျင်ပါဝါသတ်မှတ်ချက်နေရာတွင် ၁,၆၀၁ cc မှ ၂,၀၀၀ cc အထိဟု ပြဋ္ဌာန်းသင့်ပါတယ်။ အကျိုးအကြောင်းဖော်ပြချက်ကတော့ မနှစ်က ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ညှိနှိုင်းဆွေးနွေးစဉ်က ၂၀၁၉ တွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ မော်တော်ယာဉ်များကို အင်ဂျင်ပါဝါအလိုက်စည်းကြပ်သွားရန် စီစဉ်မည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။ သို့သော် ယခုနှစ်ဥပဒေကြမ်းတွင် ဘာမှပြောင်းလဲထားတာမတွေ့ရပါဘူး။ မနှစ်ကအတိုင်းပဲ ပြန်လည်ပါဝင်လာတာတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိမူဝါအရ ၂၀၁၈ မှစတင်ကာ ဘယ်မောင်းကားများသာ တင်သွင်းခွင့်ရှိပါတော့တယ်။  ယခင်က လူတန်းစားမရွေး ဝယ်ယူအသုံးပြုနိုင်တဲ့တစ်ပတ်ရစ်ကားတွေ တင်သွင်းခွင့်မရှိတော့တဲ့အတွက် လက်ရှိကားဈေးကွက်မှာ ညာမောင်းကားများဟာ ဈေးနှုန်းမြင့်မားလျက်ရှိပါတယ်။ ယခင် ညာမောင်းကားအများစုဟာ ၁,၃၀၀ cc နဲ့ ၁,၅၀၀ cc အင်ဂျင်ကို အခြေခံထားတာများပါတယ်။ အခုပြည်တွင်းထုတ် SKD ဘယ်မောင်းကားတွေနဲ့ ပြည်ပက အလုံးစုံတင်သွင်းတဲ့ကားတွေ၊ CPU ကားအများစုဟာ ၁,၄၀၀ cc နဲ့ ၁,၆၀၀ cc တို့မှာအခြေခံထားတာကို တွေ့ရပါတယ်။ အလျား၊ အနံ၊ အမြင့်၊ ဝန်တင်အားအတူတူဖြစ်ပေမဲ့ အင်ဂျင်ပါဝါကြောင့် အခွန်စည်းကြပ်နှုန်းကွာဟသွားတာဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ရောင်းသူ၊ ဝယ်သူအကျိုးဖြစ်ထွန်းစေဖို့ မော်တော်ယာဉ်အင်ဂျင်ပါဝါကို ၁,၆၀၀ cc နှင့်အထက်မှစပြီး အခွန်စည်းကြပ်ဖို့ ပြင်ဆင်လိုခြင်းဖြစ်ပါတယ်။”

ဟု မောက်မယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်ဆိုင်ဟိန်းမှ ဆွေးနွေးခဲ့သည်။

ထို့အပြင်

“အထူးကုန်စည်ခွန်မှာပါဝင်တဲ့ မော်တော်ယာဉ်များအပေါ်ကောက်ခံတဲ့အခွန်နှုန်းထားများကိုလည်း လျှော့ချသင့်ကြောင်း အကြံပြုဆွေးနွေးလိုပါတယ်။ လက်ရှိကားဈေးကွက်တွင် SKD စနစ်ဖြင့် ထုတ်လုပ်သောကားများ၊ ပြည်ပမှ အလုံးစုံတင်သွင်းလာသောကားများ၊ အရောင်းပြခန်းမှကားများ အရောင်းအဝယ်အေးနေသည့်အနေအထားတွင် ရှိနေပါတယ်။ ၂၀၁၉ အခွန်အကောက်ဥပဒေကြမ်းမှာ ဝင်ငွေခွန်ကို ၅ ဆခန့် လျှော့ချမည်ဆိုသော်လည်း ကားအရောင်းအဝယ်ဈေးနှုန်းနှင့် တိုက်ရိုက်မပတ်သက်ပါဘူး။ အမည်ပေါက်လုပ်ဖို့နဲ့ အခွန်ဆောင်ဖို့အတွက်သာ အထောက်အပံ့ဖြစ်နေပါတယ်။ မော်တော်ယာဉ်များအပေါ် စည်းကြပ်တဲ့အခွန်နှုန်းထားများ လျှော့ချပေးနိုင်မှသာ လိုက်လျောညီထွေမှုရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးစနိုင်ငံအနေနဲ့ မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေဖို့ အခွန်နှုန်းထားများ လျှော့ချပေးစေလိုပါတယ်။ ဒါကြောင့် ဥပဒေကြမ်းရဲ့ ဇယားအမှတ်စဉ် ၁၂ (ခ) တွင် ပြဋ္ဌာန်းထားတဲ့စည်းကြပ်ခွန်ရာခိုင်နှုန်း ၃၀% အစား ၂၀% ရာခိုင်နှုန်း၊ ၁၂ (ဂ) တွင် ပြဋ္ဌာန်းထားတဲ့ စည်းကြပ်ခွန်ရာခိုင်နှုန်း ၅၀% အစား ၃၀% ရာခိုင်နှုန်း ဟုလည်းကောင်း ပြင်ဆင်ပြဋ္ဌာန်းရန်လိုအပ်ပါတယ်လို့ အကြံပြုဆွေးနွေးလိုပါတယ်။”

ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် အင်ဂျင်ပါဝါ ၁,၅၀၁ cc မှ ၂,၀၀၀ cc အထိကို ၁၀ % ၊ အင်ဂျင်ပါဝါ ၂,၀၀၁ cc မှ ၄,၀၀၀ cc အထိကို ၃၀% ၊ အင်ဂျင်ပါဝါ ၄,၀၀၁ cc နှင့်အထက်ကားများကို ၅၀ % စည်းကြပ်ကောက်ခံရန်သတ်မှတ်ထားကြောင်းသိရသည်။

Author

Comments