ဘယ်မောင်း Brand New ကားများကို အများပြည်သူလက်လှမ်းမီသည့်ဈေးနှုန်းဖြစ်စေရန် အခွန်နှုန်းထားများကို ဖြေလျှော့ပေးစေလိုကြောင်း အကြံပြုဆွေးနွေး

0

Full article

နိုင်ငံတော်မူဝါဒအတိုင်း ဘယ်မောင်း Brand New ကားများကို အများပြည်သူလက်လှမ်းမီသည့်ဈေးနှုန်းဖြစ်စေရန်နှင့် စနစ်မှားနေသောမော်တော်ယာဉ်ကဏ္ဍကို အပြောင်းအလဲဖြစ်စေရန် မော်တော်ယာဉ်များအပေါ် စည်းကြပ်သည့်အခွန်နှုန်းထားများကို ဖြေလျှော့ပေးစေလိုကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်၊ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အကြံပြုဆွေးနွေးခဲ့သည်။

“ယခုလက်ရှိမော်တော်ယာဉ်များရဲ့ ဘယ်မောင်း၊ ညာမောင်းပြဿနာကို ပြည်သူတွေကြုံတွေ့နေရပါတယ်။ ညာမောင်းကားများကိုသာ တင်သွင်းခဲ့လို့ စနစ်အမှားကြီးကို ယနေ့မှာ မှန်ကန်အောင်ပြန်လည်ဆောင်ရွက်နေရပါတယ်။ စနစ်အမှန်ဖြစ်တဲ့ ညာကပ်၊ ဘယ်မောင်းစနစ်ထွန်းကားဖို့ စည်းကြပ်ခွန် ကင်းလွတ်ပေးရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့မူဝါဒအတိုင်း ဘယ်မောင်းမော်တော်ယာဉ် Brand New ကားတွေကို အများပြည်သူတွေ သက်သောင့်သက်သာစွာနဲ့ ဝယ်ယူအသုံးပြုစေလိုပါတယ်။ တစ်နည်းအားဖြင့် စနစ်မှားနေတဲ့မော်တော်ယာဉ်ကဏ္ဍကိုလည်း အပြောင်းအလဲဖြစ်စေလိုပါတယ်။ မော်တော်ယာဉ်အပေါ်  စည်းကြပ်တဲ့အခွန်နှုန်းထားတွေဖြေလျှော့ပေးမှသာ ကားဈေးတွေမျှတလာမှာဖြစ်ပြီး လူတိုင်း Brand New ကားများကို စီးနိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် မူလဥပဒေကြမ်း ၁၂ (ခ) တွင် ၃၀% အစား ၂၀% ၊ ၁၂ (ဂ) တွင် ၅၀% အစား ၄၀% အဖြစ်လျှော့ချသင့်ပါတယ်။ သို့မှသာ လူတိုင်းလက်လှမ်းမီသည့်ဈေးဖြင့် စနစ်မှန် ဘယ်မောင်းကားများကို စီးနိုင်ကြမည်ဖြစ်ကြောင်း ဆွေးနွေးအကြံပြုလိုပါတယ်။”

ဟု ရှမ်းပြည် မဲဆန္ဒနယ် အမှတ် (၁၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်တွင် ထည့်သွင်းဆွေးနွေးအကြံပြုခဲ့သည်။

မောက်မယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်ဆိုင်ဟိန်းမှလည်း မော်တော်ယာဉ်များအခွန်စည်းကြပ်ရာတွင် ၁,၆၀၀ cc နှင့်အထက်မှစ၍ စည်းကြပ်ရန်နှင့် နိုင်ငံ၏မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မော်တော်ယာဉ်အပေါ်စည်းကြပ်သည့် အခွန်နှုန်းထားများလျှော့ချရန်အကြံပြုချက်ကို ထိုနေ့တွင်ပင် ပြည်ထောင်စုလွှတ်တော်၌ ထည့်သွင်းဆွေးနွေးအကြံပြုခဲ့သည်။

Author

Comments