စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရန်အတွက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းတင်ပြ

0

Full article

စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရန်အတွက် နိုင်ငံတော်သမ္မတမှ တာဝန်ပေးအပ်ထားသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်မှ ၂၀၁၉ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့သည်။


စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးကိစ္စနှင့်စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတမှ တာဝန်ပေးအပ်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်မှ

“ယခုကဲ့သို့ ဝန်ကြီးဌာန ၂ ခုပူးပေါင်းဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်မှာ ဈေးကွက်စီးပွားရေး စနစ်ကို ဦးတည်သော စက်မှုကဏ္ဍဆိုင်ရာ မူဝါဒများ ကြီးကြပ်ထိန်းကွပ်မှုများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ဖွဲ့စည်းပုံအသစ်တစ်ခုသို့ အသွင်ကူးပြောင်းရန် ရည်ရွယ်ပါကြောင်း၊ ၎င်းတွင် အပိုင်း(၂)ပိုင်းပါဝင်ပြီး စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ပုံသေပိုင် ပစ္စည်းများကို ပုဂ္ဂလိက ကဏ္ဍသို့ မဟာဗျူဟာကျစွာဖြင့် စနစ်တကျ လွှဲပြောင်းပေးရန်နှင့် မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများနှင့် SME ကဏ္ဍကို ထိရောက်စွာ ထိန်းကျောင်းမြှင့်တင်နိုင်စေရန်အတွက် မူဝါဒများချမှတ်ခြင်း၊ ကြီးကြပ်ထိန်းကျောင်းခြင်းများပြုလုပ်ခြင်း၊ လူသားအရင်းအမြစ်များပျိုးထောင်ခြင်းလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်သော ဖွဲ့စည်းပုံသို့ အသွင်ကူးပြောင်းခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့အဆိုပြုသည့်အတိုင်း ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းများအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်ထိရောက်၍ ရေရှည်တည်တံ့ခိုင်မြဲသော အသွင်ကူးပြောင်းမှုရလဒ်များရရှိမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပုဂ္ဂလိကသို့ လွှဲပြောင်းဆောင်ရွက်ခဲ့သော စက်ရုံပေါင်း (၅၅) ရုံရှိနေပြီး အဆိုပါစက်ရုံများသည် လုပ်ငန်းရပ်ဆိုင်းထားရခြင်း၊ စာချုပ်ဖျက်သိမ်းရန်တင်ပြထားသည့်စက်ရုံများ၊ စာချုပ်အတိုင်း အကောင်အထည်မဖော်နိုင်သော စက်ရုံများ၊ အရှုံးဖြင့် လုပ်ငန်းလည်ပတ်နေသောစက်ရုံများ၏ အရေအတွက်သည် အမြတ်ဖြင့်လုပ်ငန်းလည်ပတ်နေသောစက်ရုံအရေအတွက်ထက် များပြားနေကြောင်း၊ စက်မှုဝန်ကြီးဌာနမှ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင်ရှိသော နိုင်ငံပိုင်စက်ရုံ (၅၇) ရုံအနက် မြန်မာ့ဆေးဝါးလုပ်ငန်းလက်အောက်ရှိ စက်ရုံ(၄)ရုံသာ အမြတ်ဖြင့်လုပ်ငန်းလည်ပတ်နေကြောင်း၊ ယခုလို ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ရပ်ဆိုင်းထားရတဲ့ စက်မှုဝန်ကြီးဌာန၏ စက်ရုံ၊ အလုပ်ရုံများကို လေ့လာသုံး သပ်ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်တဲ့ နိုင်ငံတော်စီးပွားရေးအရ ပေါင်းစည်းညှိနှိုင်းရေး ကော်မတီနဲ့ ပိုမိုနီးကပ်စွာချိတ်ဆက် ဆောင်ရွက်နိုင်မည့်နည်းတူ စက်မှုဝန်ထမ်းများအတွက်လည်း ၎င်းတို့၏ ကျွမ်းကျင်မှုသဘောဆန္ဒများနှင့် ကိုက်ညီမှုရှိသော လုပ်ငန်းများကို ဝန်ကြီးဌာနအသစ်မှာ ပိုမိုလွယ်ကူအဆင်ပြေစွာ ကူးပြောင်း ထမ်းဆောင်နိုင်စေမှာ ဖြစ်ပါတယ်"

ဟု ပြောကြားခဲ့သည်။


စက်မှုဝန်ကြီးဌာနတွင် ဝန်ကြီးရုံး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ဟူ၍  ဦးစီးဌာနသုံးခု ရှိပြီး အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းနှင့် မြန်မာ့စီးပွားလုပ်ငန်း တို့ဟူ၍ လုပ်ငန်းလေးခုရှိကြောင်း သိရသည်။

Author