ဂျာမနီ နိုင်ငံထုတ် Mercedes (Bullet Proof) မော်တော်ယာဉ်များကို ဝယ်ယူမည်ဆိုပါက ပိုမိုထိရောက်မည်ဟု ယူဆမိကြောင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အကြံပြု

0

Full article

နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့် ဧည့်သည်များ၏ ခရီးစဉ်များတွင်အသုံးပြုရန်အတွက် Toyota Land Cruiser (Bullet Proof) မော်တော်ယာဉ် ၆ စီးဝယ်ယူရာတွင် ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန်များ ကင်းလွတ်ခွင့် ရရှိရန်ရေးကိစ္စနှင့် စပ်လျဉ်းပြီး လက်ရှိ ECC တွင်လည်း Mercedes (Bullet Proof) နှစ်စီးဝယ်ထားသဖြင့် လုံလောက်ပြီဟု ထင်မြင်မိကြောင်း၊ အကယ်၍ ထပ်မံပြီးဝယ်ယူမည်ဆိုပါကလည်း ဂျာမဏီ ထုတ် Bullet Proof မော်တော်ယာဉ်များကိုသာ ဝယ်ယူသင့်ကြောင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ တင်ပြဆွေးနွေးခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်၊ (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ခရီးစဉ်များတွင် အသုံးပြုရန်အတွက် Toyota Land Cruiser (Bullet Proof) မော်တော်ယာဉ် ၆ စီးဝယ်ယူရာတွင် ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန်များ ကင်းလွတ်ခွင့်ရရှိရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်း၊ ဘဏ္ဍာနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်ပြုလုပ်သော ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်၊ (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကယားပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းမှ

“လက်ရှိ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန (ECC) တွင် Mercedes အမျိုးအစား Bullet Proof မော်တော်ယာဉ် ၂ စီး ဝယ်ယူထားသည်ဟု သိရသည့်အတွက် ထပ်မံဝယ်ယူမည်ဆိုပါက ၂ စီးခန့်သာ ထပ်မံဝယ်ယူသင့်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့တွင် ၂ စီးရှိလျှင်လုံလောက်ပြီဟု ထင်မြင်ယူဆမိကြောင်း၊ ထိုသို့ဝယ်ယူပါက အမေရိကန်ဒေါ်လာ ငါးသိန်းခန့် သက်သာသွားမည်ဖြစ်ပြီး လျှော့ပေါ့ပေးရမည့် အခွန်ပမာဏလည်း နည်းပါးသွားမည်ဖြစ်ကြောင်း၊ ဝယ်ယူပါကလည်း ထုတ်လုပ်သည့်နိုင်ငံကို ပြန်လည်စဉ်းစားသင့်ကြောင်း၊ ဂျာမနီနိုင်ငံထုတ် Bullet Proof မော်တော်ယာဉ်များသည် အရည်အသွေးပိုင်းပိုမိုကောင်းမွန်ကြောင်း၊ Toyota Land Cruiser သည် Bullet Proof အမျိုးအစားမော်တော်ယာဉ်ထုတ်လုပ်မှုတွင် နာမည်သိပ်မရှိဟု ထင်မြင်မိကြောင်း၊ ဂျာမနီ နိုင်ငံထုတ် Mercedes (Bullet Proof) မော်တော်ယာဉ်များကို ဝယ်ယူမည်ဆိုပါက ပိုမိုထိရောက်မည်ဟု ယူဆမိကြောင်း ပြောကြားခဲ့သည်။


နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ခရီးစဉ်များတွင် လုံခြုံရေးအတွက် အသုံးပြုရန် Toyota Land Cruiser (Bullet Proof) မော်တော်ယာဉ် ၆ စီးကိုဝယ်ယူရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းနှင့် စာရင်းအင်းစစ်ဆေးရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်မှ ဘဏ္ဍာရန်ပုံငွေ ကျပ် ၁၂၄၉.၉၉၈ သန်းကို ခွင့်ပြုထားရှိပြီးဖြစ်ကြောင်း သိရသည်။

Author